၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊လွယ်မွေအုပ်စု ပန်ဝိုင်(အောက်)ကျေးရွာရှိ ဒေါ်နန်းစိန်၊ လက်ဖက်ခြောက် ထုတ်လုပ်ရောင်းချသူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ လွယ်မွေအုပ်စုတွင် လက်ဖက် စိုက်ပျိုးဧကပေါင်း (၁,၁၅၃)ဧက ရှိကြောင်းနှင့် ကျေးရွာပေါင်း (၄၂) ရွာရှိရာတွင် ကျေးရွာ (၁၅) ရွာခန့်သည် လက်ဖက် စိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကြောင်း ပြုလုပ်လျက်ရှိသည်ဟု သိရှိခဲ့ရပါသည်။ ကွင်းဆင်းလေ့လာခဲ့သည့် ပန်ဝိုင်(အောက်)ကျေးရွာသည် အိမ်ခြေပေါင်း (၆၀) ခန့်ရှိ၍ လက်ဖက်ခြောက် ထုတ်လုပ်သည့် လက်ဖက်ခြောက်လုပ်ငန်း လုပ်ကိုင်သူ (၇) ဦးခန့်ရှိပြီး ကျန်အိမ်ထောင်စုအများစုမှာလည်း တစ်ပိုင်တနိုင်ပြုလုပ်သူများဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
လက်ဖက်ပင်များသည် နှစ်ရှည်ပင်များဖြစ်သော်လည်း လက်ဖက်နုများ ပိုမို ထွက်ရှိရန်အတွက် ပေါင်းရှင်းခြင်း တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်နှင့် အမြစ်များ ရှင်းလင်းဖြတ်ပေးခြင်းအား တစ်လလျှင်တစ်ကြိမ် အနည်းဆုံးပြုလုပ်ပေးရပြီး သဘာဝမြေဩဇာများ ထည့်ပေးခြင်းဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများအတွင်း မိုးရရှိပါက အထွက်နှုန်းပိုမို ကောင်းစေနိုင်ကြောင်းနှင့် ပန်ဝိုင် (အောက်)ကျေးရွာရှိ လက်ဖက်စို ၁ ပိဿာလျှင် (၇၀၀၀) ကျပ်ရရှိပြီး ဈေးကောင်းရရှိမှုအနေဖြင့် မတ်လ၊ ဧပြီလ၊ မေလတို့တွင် ရရှိကြောင်း၊ ဒုတိယဈေးရရှိမှုအနေဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ရရှိကြောင်း၊ ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လတို့တွင် ဈေးရရှိမှု နည်းပါးကြောင်းနှင့် လက်ဖက်ခြောက်အပြင် လက်ဖက်စေ့ (မျိုးစေ့)များကိုလည်း ရောင်းချနိုင်ပြီး ၁ ပိဿာလျှင် (၉၀၀၀) ကျပ်နှုန်းခန့် ရရှိကြောင်းသိရှိခဲ့ရပါသည်။
လက်ဖက်ခြောက်များကို တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချပြီး လက်ဖက်ထုတ်လုပ်သူများ၏ ထားသိုမှု၊ လုပ်ကိုင်ဆောင်ရွက်မှုအဆင့်ဆင့်ပေါ်မူတည်ပြီး ဈေးနှုန်း ရရှိမှု မတူညီကြောင်းသိရှိရပါသည်။ ယခင်နှစ်ထက် ယခုနှစ်တွင် လက်ဖက်ထွက်ရှိနှုန်း ပိုမို ကောင်းမွန်ပြီး ၂၀၂၁ ခုနှစ် မတ်လမှ မေလအထိ လက်ဖက်ခြောက် ထွက်ရှိနှုန်း ၁၀ တန် (၆၀၀၀ ပိဿာ)ခန့် ထွက်ရှိပြီး ယခင်နှစ်များတွင် တစ်နှစ်လုံးမှ (၁၀) တန် သာ ထွက်ရှိသောကြောင့် ယခုနှစ် လက်ဖက်ခြောက်ထွက်ရှိနှုန်း မြှင့်တက်လာကြောင်းနှင့် စမ်းသပ်စိုက်ပျိုးမှုအနေဖြင့် ယခုနှစ်မှစ၍ ဝဥသီးနှံများကို သီးညှပ်စမ်းသပ်စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်(DOCA)
လက်ဖက် စိုက်ပျိုးထုတ်လုပ်မှုအား ကွင်းဆင်းလေ့လာခြင်း
Powered by Drupal