မြန်မာနိုင်ငံတွင် ငှက်သိုက်ကို တနင်္သာရီဒေသမှထွက်ရှိသည်ဟု အများက သိရှိကြပြီး ယခုအခါ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှလည်း ငှက်သိုက်ထွက်ရှိပြီဖြစ်ပါသည်။ ကျောက်ဖြူမြို့ အမှတ်(၂၈)၊ ရုံးတက်လမ်း၊ အရှေ့ပိုင်းရပ်ကွက် ပင်လယ်ကမ်းနားတွင် တည်ရှိသော နှင်းတောင် ဟိုတယ်တွင် ၂၀၁၉ခုနှစ် နှစ်ဦးပိုင်းမှစပြီး ဇီဝဇိုးငှက်ကလေးများ ဝင်ရောက်ခိုအောင်းခဲ့ရာ ၂၀၂၁ ခုနှစ် မေလတွင် ငှက်ကောင်ရေ (၁၀၀၀)ခန့်အထိ တိုးပွား လျက်ရှိသည်ဟု သိရှိရပါတယ်။ ငှက်ကောင်ရေ တိုးပွားလာသည်နှင့်အမျှ ငှက်သိုက်ထုတ်ယူခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ (၄)လ တစ်ကြိမ် ထုတ်ယူရာ၌ ငှက်သိုက် (၇၀)ကျပ်သား အထိရရှိ၍ ၎င်းရရှိလာသော ငှက်သိုက်ကို ရေသန့်ဖြင့် (၁)နာရီခန့် ရေစိမ်ထားရပြီး ငှက်သိုက်နူးလာပါက အမွှေးကလေးများကို ဆယ်ယူဖယ် ထုတ်ပေးရပါတယ်။ ၎င်းသန့်စင်ထားသော ငှက်သိုက်ကို ရေသန့်ဖြင့်တစ်ဖန် ထပ်မံပေါင်းယူပါက သန့်စင်ပြီး ဖြူဖွေးသော ငှက်သိုက်ရရှိလာပြီးနောက် အအေးခံကာ ပုလင်းကလေးများတွင် ထည့်၍ အဖုံးကို လေလုံအောင်ဖုံးကာ ရေခဲသေတ္တာထဲတွင် သိုလှောင် သိမ်းဆည်းထားရပါတယ်။ တစ်ကြိမ် ထုတ်လုပ်လျှင် (၈၀ml) (မီလီမီတာ)ဝင် ပုလင်း (၈၀၀) ခန့်ရရှိကြောင်း သိရှိရပါတယ်။ နှင်းတောင် အမှတ်တံဆိပ်ဖြင့်ထုတ်လုပ်သည့် ငှက်သိုက်သည် သဘာဝအတိုင်းထုတ်လုပ်ထားပြီး တာရှည်ခံဆေးများ သုံးစွဲထားခြင်းမရှိသည့်အတွက် မြို့နယ်တွင်းစားသုံးရန်အတွက်သာ ရောင်းချကြောင်း၊ ပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် မာန်အောင်နှင့် ရမ်းဗြဲတို့မှ မှာယူမှုရှိသော်လည်း တင်ပို့နိုင်ခြင်း မရှိသေးကြောင်းနှင့် တစ်ပုလင်းကို ဈေးနှုန်း(၅၀၀၀)ကျပ်ဖြင့် ကျောက်ဖြူမြို့ ဒေသခံပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိပါတယ်။ ကျောက်ဖြူမြို့တွင် နောက်ထပ်နေရာ (၃)နေရာတွင်လည်း ဇီဝဇိုးငှက်များ ဝင်ရောက်ခိုအောင်း နေထိုင်လျက်ရှိသည့်အတွက် ၎င်းနေရာများတွင်လည်း ငှက်သိုက် ထုတ်ယူစရှိလာပြီး တစ်ကြိမ် ထုတ်ယူလျှင် (၁၅)ကျပ်သား အထိ ရရှိကြောင်းသိရှိရပါတယ်။ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး ငှက်သိုက်လုပ်ငန်းများကို လေ့လာဆန်းစစ် လုပ်ကိုင်နိုင်ပါက အချိန်ကြာလာသည်နှင့်အမျှ ငှက်ကောင်ရေတိုးပွားလာကာ အဆင့်မြင့်နည်းပညာနှင့် စီးပွားဖြစ်ထုတ်လုပ်လာနိုင်ပြီး ကျောက်ဖြူမြို့ ငှက်သိုက်ထုတ်လုပ်ခြင်း လုပ်ငန်းကဏ္ဍ တစ်ခေတ် ဆန်းသစ်လာနိုင်မည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်(DOCA)