ပေါ်ဦးပေါ်ဖျားဈေးကောင်းရသည့် ကြောင်လျှာသီး

Powered by Drupal

    မြန်မာဆေးဖက်ဝင် အသီးတစ်မျိုးဖြစ်သော ကြောင်လျှာသီးမှာ ဖန်ခါးသောအရသာရှိ၍ ပူစပ်ကာ နှုတ်ကိုမြိန်စေခြင်း ၊ ဝမ်းမီးတောက်စေပြီး ဖျားနာ၊ အစာမကြေ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်ကာ ခွန်အားတိုးပွားစေသည်ဟု သိရှိရပါသည်။ ထိုကဲ့သို့ ဆေးဖက်ဝင်သော ကြောင်လျှာသီးများကို ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် နှစ်ရှည်သီးနှံအဖြစ် စိုက်ပျိုးကြပြီး ပြည်မြို့ပေါ်ဈေးများသို့ တင်ပို့ရောင်းချကြပါသည်။

   ကြောင်လျှာသီးမှာ အညိုသီး၊ အစိမ်းသီးဟူ၍ နှစ်မျိုးရှိပြီး အစိမ်းသီးမှာ အခါးပေါ့ကြောင်း သိရပါသည်။ ကြောင်လျှာသီးကို ပါးပါးလှီး၍ ပုစွန်ခြောက်ဖြင့်လည်းကောင်း၊ လက်နှစ်ဆစ် အတုံးလေးများတုံး၍ ပုစွန်ခြောက်ဖြင့် နှပ်၍စားကြပါသည်။ နားလေထွက်လျှင် ကြောင်လျှာသီးကို ပါးပါးလှီးကာ ပုစွန်ခြောက်၊ သံပုရာသီးကိုအရည်ညှစ်၍ ဆီချက်ထည့်ကာ သုပ်စားလျှင် ပျောက်ကင်းကြောင်း သိရပြီး ကြောင်လျှာသီး၏ခါးသောအရသာမှာ ခန္ဓာကိုယ်ထဲမှ အဆီပိုများကို ချေဖျက်ပေးရုံမကဘဲ ဆီးချို၊ သွေးချို မဖြစ်အောင်လည်း ကာကွယ်ပေးကြောင်း သိရပါသည်။

    ပြည်ဈေးကွက်အတွင်းသို့ ဇွန်လဆန်းမှ စတင်ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားဖြစ်ကာ ဈေးကောင်းရသည့်အတွက် တစ်တောင့်လျှင် ကျပ် (၇၀၀-၈၀၀) ထိရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)