ပြည်ပိန္နဲသီးဈေးကွက်

Powered by Drupal

    ပိန္နဲပင်တွင် အိမ်ပျော့မျိုးနှင့် အိမ်မာမျိုးဟူ၍ (၂)မျိုးရှိပြီး လူအကြိုက်အများဆုံးမှာ အိမ်မာမျိုးဖြစ်ပါသည်။ ပိန္နဲသီးအစိမ်းကို ဟင်းချက်၍စားရသလို အမှည့်ကိုလည်း  အချိုပွဲအဖြစ် စားသုံးကြပါသည်။ ထို့အပြင် ပိန္နဲသီးကို ယိုထိုး၍လည်းကောင်း၊ ဂျယ်လီပြုလုပ်၍လည်းကောင်း၊ ရေခဲမုန့် ပြုလုပ်၍လည်းကောင်း၊ စည်သွတ်ဘူးများပြုလုပ်၍လည်းကောင်း စားသုံးကြပါသည်။ ပိန္နဲပင်ကို အိမ်ခြံဝိုင်းထဲတွင် မိမိတို့အိမ်သားများ စားသုံးရန်တစ်ပင်၊ နှစ်ပင်ခန့် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း ဧကပြတ်စိုက်ပျိုးကြပါသည်။ ပြည်မြို့အနေဖြင့် ဧကပြတ်စိုက်ပျိုးမှုမရှိသော်လည်း တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးကြပါသည်။ ပိန္နဲပင်၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံအနောက်ဘက်ရှိ မိုးသစ်တောများမှ စတင်သည်ဟု သိရပါသည်။ ပိန္နဲပင်အများစုမှာ အသီးသီးရန် (၈)နှစ်ခန့်ကြာပြီး၊ အချို့မျိုးများမှာ စိုက်ပျိုးပြီး (၃)နှစ်အကြာတွင် အသီးများစတင်သီးကြပါသည်။ အရွယ်ရောက်ပြီး သား ပိန္နဲပင်သည် တစ်နှစ်လျှင် အသီး(၂၀၀)ခန့်သီးပြီး သက်တမ်းပိုရင့်သောအပင်သည် တစ်နှစ် လျှင် အသီး(၅၀၀)ကျော် သီးသည်ဟု သိရပါသည်။

   ပိန္နဲသီးတွင် ပရိုတင်း၊ ဗီတာမင်ရေဓါတ်၊ အမျှင်ဓါတ်၊ အဆီဓါတ်နဲ့ သတ္တုဓါတ်တို့ပါဝင်၍ ဘေးအန္တရာယ်ဖြစ်စေသော ကယ်လိုရီပါဝင်မှုနည်းပါးသောကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသလို တန်ဆေး၊ လွန်ဘေးဆိုသည့်အတိုင်း များများစားလျှင်လည်းရင်ပြည့် ရင်ကယ်ဖြစ်တတ်ပါသည်။ ပြည်မြို့ရှိဈေးများတွင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ တင်ပို့ရောင်းချသလို မန္တလေးတိုင်းဘက်မှလည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ဈေးများတွင် ပိန္နဲသီးအစိမ်းများကို ဓါးဖြင့်စိတ်၍သော်လည်းကောင်း ၊  အထုပ်များဖြင့်ထုပ်၍ လည်းကောင်း ၊  ပိန္နဲသီးအမှည့်များကိုလည်း အလုံးလိုက်ရောင်းချသလို၊ ခွဲ၍ အိမ်များကိုထုပ်၍ရောင်းချကြောင်း သိရပါသည်။ ရောင်းချသော ဈေးနှုန်းများမှာ ပိန္နဲသီး အစိမ်းစိတ်ပြီးသား တစ်ထုပ်လျှင် (၁၀၀) ကျပ်ဖြင့်ရောင်းချသလို၊ အမှည့် တစ်လုံးလျှင် အလုံးအရွယ်အစားပေါ်လိုက်၍ တစ်လုံးလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ် အထိရောင်းချပြီး ခွဲပြီးသား ပိန္နဲသီးအိမ်များကိုလည်း အိမ်မာ တစ်အိမ်လျှင် (၂၀၀) ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)