တောင်ငူခရိုင်၊ ဖြူးမြို့မှ ဒေါ်သင်းသင်းကြူ ပဲပွကြော်လုပ်ငန်း

Powered by Drupal

     ဖြူးမြို့ ၊ ဆေးရုံရပ်ကွက်ရှိ ဒေါ်သင်းသင်းကြူပဲပွကြော်လုပ်ငန်းသည် ဖြူးမြို့တွင် အောင်မြင်သော လုပ်ငန်းဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်၊ မိဘများလက်ထက်ကတည်းက စတင်လုပ်ဆောင်ခဲ့ရာ နှစ် ၅၀ ခန့်ရှိနေပြီဖြစ်ပါသည်။ ဆန်ကွဲကိုအခြေခံ၍ ပြုလုပ်ရသော စားသောက်ကုန်ဖြစ်ပါသည်။

    ပဲပွကြော်ပြုလုပ်ရန်အတွက် ရှေးဦးစွာ ဆန်ကွဲကြီး(ဆလတ်အကြီး)ကို ရေစိမ်ပြီး မုန့်နှစ် ရအောင် မုန့်ကြိတ်ဆုံဖြင့် ကြိတ်ရပါသည်။ ဆန်ကွဲနှစ်ပြည်မှ ရသောမုန့်နှစ်ကို ကုလားပဲခြမ်း တစ်ပြည်၊ ဆား၊ ပဲမုန့်အစိမ်း၊ ဆိုဒါ၊ ပဲရည်တို့ သင့်တင့်အောင်ထည့်ပြီး သမအောင်နယ်ပေးရပါသည်။ ထို့နောက် ထင်းမီးအသုံးပြုပြီး စားအုံးဆီဖြင့်ကြော်ရပါသည်။ အိမ်ရှိ မိသားစုဝင်များနှင့် လုပ်သား နှစ်ဦးငှားရမ်းပြီး လုပ်ကိုင်ပါသည်။

    တစ်နေ့လျှင် ဆန်ကွဲ ၈ ပြည်၊ ကုလားပဲခြမ်း ၄ ပြည်၊ စားအုန်းဆီ ၁၇ ပိဿာ၊ ၁၀ ချောင်း ခန့်ပါသည့် ထင်းစည်း ၁၀ စည်း အသုံးပြုရပါသည်။ ဒယ်အိုး နှစ်အိုးဖြင့် ကြော်ပါသည်။ ဆန်ကွဲ တစ်ပြည် လျှင် ပဲကြော် ၂၅၀ ချပ်ရပါသဖြင့် တစ်နေ့လျှင် ပဲကြော် အချပ် ၂၀၀၀ ခန့် ကြော်နိုင်ပါသည်။

   ပဲကြော်တစ်ချပ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် မှာယူသူများကို ပို့ဆောင်ပေးပြီး ဖြူးမြို့မဈေးတွင်လည်း ဆိုင်ခန်းဖွင့်လှစ်၍ ရောင်းချပါသည်။ မုန့်ဟင်းခါးနှင့် တွဲဖက်စားသုံးသည့် အကြော်ဖြစ်သဖြင့် ဝါဆိုလ၊ သီတင်းကျွတ်ကာလနှင့် အလှူအတန်းအချိန်များတွင် ပိုမိုရောင်းရကြောင်း သိရပါသည်။

DOCA(ပဲခူး)