ပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများဈေးကောင်းရ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများကို ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ကျပ် ၁၀၀၀၀-၁၂၀၀၀ ဖြင့် ရောင်းချ နေရခြင်းကြောင့် မန်ကျည်းသီးစိမ်းခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းသီးစိမ်းခူးယူရောင်းချသူများထံမှ သိရှိရပါသည်။          ရာသီစာမန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မန်ကျည်းသီးစိမ်းပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးနှုန်းကောင်းဖြင့်ရောင်းချနေရပြီး ဖောက်သည်သွင်းဈေး တစ်ပိဿာ ၈၀၀၀-၉၀၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများကို အိမ်ရှင်မတိုင်း ဝယ်ယူတတ်ကြပြီး မန်ကျည်းသီးစိမ်းကို ကြေညက်စွာထောင်းပြီး မြေပဲနှင့်သုပ်စားခြင်း၊ ပုစွန်၊ ငါးပိတို့ဖြင့်ရောကာ မန်ကျည်းသီးစိမ်းငါးပိချက်၊ ပုစွန်မန်ကျည်းသီးစိမ်းချက် စသည်ဖြင့် ပုံစံမျိုးစုံချက်ပြုတ်စားကြကြောင်း၊ ပူပြင်းပြီးလူတိုင်းနီးပါး အစားအသောက်ပျက်ချိန် ရာသီစာ မန်ကျည်းသီးစိမ်းဖြင့် ဟင်းအမယ်စုံချက်စားခြင်းသည် ခံတွင်းမြိန်စေကြောင်းလည်း သိရသည်။ ရာသီစာ မန်ကျည်းသီးစိမ်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  မန်ကျည်းသီးစိမ်း ခူးယူရောင်းချနေသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)