တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် မိုးရာသီစာ ဖလံတောင်ဝှေးများပေါ်နေပြီဖြစ်ပါသည်။ မြန်မာလူမျိုးများ၏ (၁၂) လရာသီတွင် ရာသီစာ အစားအစာများပေါ်စမြဲဖြစ်ပါသည်။ မြန်မာလူမျိုးများသည်လည်း တစ်နှစ်တွင် တစ်ခါသာပေါ်သော ရာသီစာ အစားအသောက်များကို နှစ်ခြိုက်စွာစားသုံးကြစမြဲဖြစ်ပါသည်။
ဖလံတောင်ဝှေးများသည် ယခုကဲ့သို့ မိုးရာသီတွင် မိုးကျလာပါက တောထဲ၌ အစို့လေးများထွက်ကာ အပြိုင်အဆိုင်ကြီးထွားလာကြပါသည်။ တောထူသောနေရာဒေသအနှံ့အပြားတွင် အလေ့ကျပေါက်သောအပင်တစ်မျိုးဖြစ်ပါသည်။ တောင်ငူဒေသရှိ ကျေးလက်နေပြည်သူများသည် ယခုကဲ့သို့ မိုးရာသီအခါတွင် တောထဲ၌ အလေ့ကျပေါက်သောဖလံတောင်ဝှေးများအားချိုး၍ ဟင်းလျာအဖြစ်၍ ချက်ပြုတ်စားသောက်ကြသည့်အပြင် မြို့ပေါ်ရှိဈေးများသို့ လာရောက်ရောင်းချခြင်းများလည်းရှိကြပါသည်။
ဖလံတောင်ဝှေးများသည် အစိမ်းရောင်အရိုးရှည်ရှည်လေးများရှိပြီး ၎င်းအား ကြော်စား၍သော်လည်းကောင်း၊ ချက်စား၍သော်လည်းကောင်း စားသုံးနိုင်ပြီး ဝက်သားနှင့်တွဲဖက်၍ ကြော်စားရာတွင်လည်း အင်မတန်ကောင်းမွန်သော ဟင်းတစ်ခွက်ဖြစ်ပါသည်။ မိုးအေးအေးလေးတွင် ဖလံတောင်ဝှေးကြော်သည် ထမင်းမြိန်စေသောဟင်းတစ်ခွက်ဖြစ်ပါသည်။ ဖလံတောင်ဝှေးများမှာ ရာသီစာများအား နှစ်ခြိုက်စွာစားသုံးကြသော မြန်မာလူမျိုးအတွက် ထမင်းဝိုင်းတွင် နေရာယူသော ရာသီစာအရံဟင်းတစ်ခွက်ဖြစ်ပါသဖြင့် ပေါ်ဦးပေါ်ဖျားတွင် ရောင်းအားကောင်းလျက်ရှိပါသည်။
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် တောင်ငူမြို့အနီးတဝိုက်ရှိ ကျေးလက်ဒေသများမှ လာရောက်ရောင်းချသော ဖလံတောင်ဝှေးများရှိသည့်အပြင် ရန်ကုန်မှတင်ပို့ရောင်းချသော ဖလံတောင်ဝှေးများလည်းရှိကြောင်း သိရှိရပါသည်။ ဒေသထွက်ဖလံတောင်ဝှေးများမှာ သေးသွယ်ပြီး ရန်ကုန်ဘက်မှဝင်ရောက်လာသော ဖလံတောင်ဝှေးများမှာ တုတ်ခိုင်၍ ထွားကြိုင်းပါသည်။ ဒေသထွက် ဖလံတောင်ဝှေးအချာင်း (၉) ချောင်းခန့်ပါ တစ်စည်းလျှင် (၅၀၀) ကျပ်နှင့် ရန်ကုန်ဘက်မှတင်ပို့သော ဖလံတောင်ဝှေး (၈ )ချောင်းခန့်ပါ တစ်စည်းလျှင် (၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)