တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရာသီစာ အင်ဥများစတင်ရောင်းချ

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်ဈေးတွင်၊ အင်ဥများပေါ်နေပြီဖြစ်ပါသည်။ အင်ဥသည် အင်ပင်များ၏ အောက်ရှိအမြစ်များနှင့် ဆက်စပ်နေသောမှိုတစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ အင်ဥများကို ပဲခူးရိုးမတစ်ကြောတွင် ယခုကဲ့သို့ မိုးဦးကာလတွင် တွေ့ရပြီး တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်သာတွေ့ရှိရပါသည်။

    အင်ဥတူးသူများအနေဖြင့် မြေကြီးထဲရှိ အင်ဥအား ဝါးပြားနှင့်ကလော်ယူ၍ ရရှိလာသောအင်ဥများအား စုဆောင်းပြီး မြို့ပေါ်ရှိဈေးများသို့ ကိုယ်တိုင်လာရောက်ရောင်းသူများရှိသကဲ့သို့ ဖောက်သည်သွင်း၍ ရောင်းချသူများလည်းရှိပါသည်။ တောင်ငူမြို့သည် ပဲခူးရိုးမတောင်တန်းကြီး၏အနီးတွင် တည်ရှိသောကြောင့် ယခုကဲ့သို့ အင်ဥပေါ်သောရာသီတွင် တောင်ငူမြို့ပေါ်ရှိဈေးများ၌ အင်ဥရောင်းချသူများပေါများလျက်ရှိပါသည်။

    အင်ဥအား ရေ (၂) နာရီခန့်စိမ်ပြီးမှ စကာနှင့်တိုက်၍ ဆေးကြောသန့်စင်ပြီးလျှင် ဓားဖြင့်ပါးပါးလှီး၍ ကြော်စားရသောဟင်းလျာတစ်မျိုးဖြစ်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် အင်ဥအား နို့ဆီဘူး (၁) ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချပေးနေပါသည်။ ပေါ်ခါစဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ်မြင့်မားနေသော်လည်း အင်ဥလှိုင်လှိုင်ပေါ်သော ရှေ့လများတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)