သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည်ဖော်ဆောင်ရွက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ

Powered by Drupal

နေပြည်တော် (၃၀-၆-၂၀၂၃)

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သိုလှောင်ရုံကုန်အပ်လက်မှတ်ကိုအခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System) အကောင်အထည် ဖော်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်‌တော်၌ ကျင်းပခဲ့ပါသည်။

     အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဉီးညွန့်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်တကွ သက်ဆိုင်ရာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

        ဖွင့်ပွဲအခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်က သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်သည် တောင်သူများအတွက် သိုလှောင်ရုံများတွင် သီးနှံကို အပေါင်စနစ်အဖြစ် အပ်နှံပြီးရရှိလာသည့် ကုန်အပ်လက်မှတ်ကို အသုံးပြု၍ ဘဏ်များတွင် ချေးငွေရယူနိုင်မည့်စနစ်ဖြစ်ပါကြောင်း၊ အဆိုပါစနစ်တွင် တောင်သူများသည် သီးနှံပိုင်ရှင်ကုန်အပ်သူ၊ ကျေးလက်ဒေသရှိ သိုလှောင်ရုံပိုင်ရှင်များသည် သိုလှောင်ရုံကုန် အပ်လက်မှတ်ထုတ်သူ၊ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များသည်  သိုလှောင်ရုံကုန်အပ်လက်မှတ်အပေါ် အခြေခံ၍ ချေးငွေထုတ်ပေးသူ၊ အစိုးရဌာနအဖွဲ့အစည်းများသည် မူဝါဒ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်း ချမှတ်သူများအနေဖြင့် ပါဝင်ကြရမည် ဖြစ်ပါကြောင်း၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစိုးရ-ပုဂ္ဂလိက နှစ်ဦး နှစ်ဖက် ပူးပေါင်း၍ ဟန်ချက်ညီညီ ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ထို့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆန်စပါးဥပဒေကို ရေးဆွဲပြုစုလျက်ရှိပြီး မကြာမီ ပြဋ္ဌာန်းသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေတွင် ရိတ်သိမ်းချိန်လွန်နောက်ပိုင်း ကိုင်တွယ်ထိန်းသိမ်းမှုများအတွက် အဓိကကျသည့် လုပ်ငန်းစဉ်များအား စနစ်တကျထိန်းကျောင်းကြပ်မတ်နိုင်စေရေး ထည့်သွင်းရေးဆွဲထားပါကြောင်း ပြောကြားခဲ့ပါသည်။

       အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့များမှ Presentation ဖြင့်ရှင်းလင်းဆွေးနွေးခြင်းနှင့် စကားဝိုင်းဆွေးနွေးခြင်းဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် မူဝါဒများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေး ဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ITQM(DOCA)