ကွမ်းခြံကုန်းမြို့နယ်၊ ထုတ်ကုန်လင်္ကာဒီပပဲမုန့်အကြောင်း တစေ့တစောင်း

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၏ ထုတ်ကုန်တစ်ခုဖြစ်သော လင်္ကာဒီပပဲမုန့်မှာ စားသုံးသူများအကြားတွင် လူသိများပြီး ဈေးကွက်အတွင်း လွယ်ကူစွာဝယ်ယူစားသုံးနိုင်သော ပြည်တွင်းထုတ်ကုန်တစ်ခုဖြစ်ပေသည်။

     လင်္ကာဒီပပဲမုန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ၂၀၀၉ခုနှစ်တွင် ကွမ်းခြံကုန်းမြို့နယ်၊ အမှတ် (၉၅)၊ ဈေးပိုင်းရပ်ကွက်နေ ဦးမျိုးဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်အုန်းတင်တို့က စတင်ဆောင်ရွက်ခဲ့ပါသည်။ လင်္ကာဒီပပဲမုန့်လုပ်ငန်း၏ အစပြုရာသည် လင်္ကာဒီပလက်ဖက်ရည်ဆိုင်မှဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဇနီးမောင်နှံနှစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။ အကြောင်းမှာ လင်္ကာဒီပပဲမုန့်ထုတ်လုပ်ရေးလုပ်ငန်းကို စတင်မဆောင်ရွက်မီတွင် ၎င်းတို့ဇနီးမောင်နှံမှာ လင်္ကာဒီပအမည်ဖြင့် လက်ဖက်ရည်ဆိုင်ငယ်လေးတစ်ဆိုင်အား စတင်ဖွင့်လှစ်ခဲ့သည့်အတွက်ဖြစ်ပါသည်။ မိသားစုဝင်အရေအတွက်များပြားလာခြင်း၊ ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ ဈေးကွက်အတွင်း ထုတ်ကုန်အသစ်များတီထွင်ထုတ်လုပ်လိုခြင်းကြောင့်လည်းကောင်း၊ လက်ဖက်ရည်ဆိုင်အတွင်း လာရောက်စားသုံးသူများအား အနည်းအကျဉ်းထုတ်လုပ်ရောင်းချရာမှတစ်ဆင့် စားသုံးသူများ၏ နှစ်ခြိုက်မှုများလာခြင်းကြောင့်လည်းကောင်း ပဲမုန့်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ထပ်မံတိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်းသိရှိရပါသည်။

     လင်္ကာဒီပပဲမုန့်ကို ပဲ၊ ဂျုံ၊သကြားတို့ဖြင့်ရောစပ်၍ အဓိကထုတ်လုပ်ထားပြီး တစ်ရက်လျှင် ပဲမုန့်ခုရေ (၁၅၀၀၀) ခန့်ထုတ်လုပ်လျက်ရှိသည်။ တစ်ရက်ရောင်းအားမှာ တစ်ဘူးလျှင် ပဲမုန့်(၁၀)ခုပါ ဘူးရေ (၁၅၀၀) ခန့်ကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။ ရောင်းချသည့်ဈေးနှုန်းအနေဖြင့် တစ်ဘူးလျှင် (၂၃၀၀) ကျပ်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအပြင် ကွမ်းခြံကုန်းမြို့နယ်နှင့်ဆက်စပ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)