ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ “MSMEs ထုတ်ကုန်ပြပွဲ” နှင့် “Talk Show” စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကျင်းပ

Powered by Drupal

ကရင်ပြည်နယ်အတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် MSMEs လုပ်ငန်းရှင်များသည် ကရင်ပြည်နယ်၊ ဇွဲကပင်ခန်းမ၌ (၂၇-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ “MSMEs ထုတ်ကုန်ပြပွဲ နှင့် “Talk Show” စကားဝိုင်းဆွေးနွေးပွဲအခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် MSMEs လုပ်ငန်းများပိုမိုတိုးတက်စေရေးအတွက် ထုတ်ကုန်ပြပွဲကိုပါ ထည့်သွင်းကျင်းပရခြင်းဖြစ်ပြီး MSMEs လုပ်ငန်းများရေရှည်တည်တံ့စေရန်နှင့် ဈေးကွက်ရရှိဖို့လိုကြောင်း၊ ယခုကဲ့သို့ ထုန်ကုန်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် MSMEs ထုတ်ကုန်များကို ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ခြင်း၊ ဈေးကွက်ရရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကုန်ကြမ်းများ၊ သွင်းအားစုများ၊ လုပ်အားများနှင့် အရင်းအနှီးများလိုအပ်သောကြောင့် ကုန်ကြမ်းများကိုအသုံးပြုရာတွင် နိုင်ငံခြားကုန်ကြမ်းများကိုအသုံးမပြုဘဲ ပြည်တွင်းကုန်ကြမ်းများကိုသာအသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် သွင်းကုန်အစားထိုးပြုလုပ်နိုင်ရန်နှင့် မိမိတို့နိုင်ငံမှထွက်သည့်ကုန်ကြမ်းများကို ပြည်ပသို့တင်ပို့နိုင်အောင် ဆောင်ရွက်ဖို့လိုကြောင်းပြောကြားခဲ့ပြီး MSMEs များရင်းနှီးငွေရရှိစေရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ နိုင်ငံ့ဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း ထုတ်ချေးနေပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ MSMEs လုပ်ငန်းများပိုမိုတိုးတက်လာစေရန်အတွက် ဘဏ်များကလည်းချေးငွေထုတ်ချေးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များကလည်း အချင်းချင်းစည်းလုံးညီညွတ်စွာချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့ကာ ထူးချွန်ဆုရရှိသောလုပ်ငန်းရှင် (၇) ဦးအား ဆုချီးမြှင့်ခဲ့ကြောင်းနှင့် လုပ်ငန်းရှင်များ၏ဒေသထွက်ကုန်များပြသထားသော အခန်း (၃၅) ခန်းကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။

 ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းအလိုက် ထူးချွန်ဆုရရှိသောလုပ်ငန်းရှင် (၇) ဦးကိုဆုချီးမြှင့်ပြီးနောက် အခမ်းအနားတွင်ခင်းကျင်းပြသထားသော လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များပြခန်းကိုလှည့်လည်ကြည့်ရှုခဲ့သည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အတွင်း ဒေသထုတ်ကုန် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်း၃၅ခုမှ ထုတ်ကုန်များကိုပြသခဲ့ပြီး အခမ်းအနားကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပခဲ့ကြောင်းနှင့် Talk Show စကားဝိုင်းတွင် ကရင်ပြည်နယ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စက်မှုစစ်ဆေးရေးနှင့်ကြီးကြပ်ရေးဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝဆိုးဆေးရကန်းချည်ထည်လုပ်ငန်းရှင်တို့က မိမိတို့၏သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများကလည်း  သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အခမ်းအနားကို နေ့လယ် (၁၂:၁၅) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရသည်။

DOCA(ကရင်)