ရေစကြိုမြို့နယ်၌ မိုးသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် မိုးရွာသွန်းခဲ့သည့်အတွက် မိုးသီးနှံများစတင်စိုက်ပျိုးခဲ့ကြပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ် (၂၀၂၃ခုနှစ်၊ ဇွန်လ၊ စတုတ္ထအပတ်ထိ) ရေစကြိုမြို့နယ်၌ မိုးသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)နှင့် နှမ်းသီးနှံများကို (၄၀၆၁၂)ဧကလျာထားကာ (၃၂၇၇၁)ဧကစိုက်ပျိုုးပြီးဖြစ်ကြောင်း၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)သီးနှံကို (၂၉၄၁၂)ဧကလျာထားကာ (၂၈၈၂၅)ဧကတို့စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာအုပ်စု၊ ကွမ်းသီးကန် ကျေးရွာတွင် မြေပဲ၊ ပဲတီစိမ်း(ပဲနှောက်စိမ်း)နှင့် နှမ်းသီးနှံများကိုစိုက်ပျိုးကြပြီး မိုးသီးနှံဖြစ်သည့် ပဲတီစိမ်း(ပဲနှောက်စိမ်း)ကို အဓိကအများဆုံးစိုက်ပျိုးလျက်ရှိပါသည်။  

      ပဲတီစိမ်း(ပဲနှောက်စိမ်း)သီးနှံမျိုးများကို အများအားဖြင့် မိုးလေဝသရာသီဥတုဒဏ်ခံနိုင်သောဒေသများတွင် မေလနှင့် ဇွန်လတို့၌ စိုက်ပျိုးကြရာ အတန်းလိုက်သီးသန့်စိုက်ပျိုးနည်းနှင့် တန်းကြားသီးညှပ်စိုက်ပျိုးနည်းနှစ်နည်းတို့ဖြင့် စိုက်ပျိုးကြကြောင်း၊ မိုးလေဝသရာသီဥတုကိုမျှော်ပြီး စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် တစ်ဧကလျှင်  ၅တင်းမှ ၁၀တင်းခန့်ထွက်ရှိပါကြောင်း၊ မိုးလေဝသရာသီဥတုကောင်းလျှင် (၁၀)တင်းကျော် ထွက်ရှိပါကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်တွင် ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျခဲ့ပြီး ယခုနှစ်တွင် ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ ယခင်နှစ် ပဲတီစိမ်း(ပဲနှောက်စိမ်း)ဈေးနှုန်းများမှာ တစ်တင်းလျှင် ကျပ်(၄၄၀၀၀)မှ ကျပ်(၅၀၀၀၀)တို့ဖြင့် ရောင်းချရပါကြောင်း၊ ယခုနှစ်၏ လက်ရှိဈေးနှုန်းများမှာ တစ်တင်းလျှင် ကျပ်(၄၇၀၀၀)မှ ကျပ်(၅၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူများ၏ အကျိုးအမြတ်မှာမူ  မိုးလေဝသရာသီဥတုအပေါ် မူတည်နေပါကြောင်း၊ ယခုလက်ရှိ ပဲခင်းများတွင် အဖူးအပွင့်များစတင်ပွင့်ဖူးနေပြီဖြစ်ပါကြောင်း၊ ယခု ဇွန်လတွင် မုတ်သုံမိုးများရွာသွန်းမည်ဆိုလျှင် အသီးအပွင့်များအောင်မြင်စွာဖြစ်ထွန်းနိုင်ပြီး အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အကျိုးအမြတ်များစွာရရှိနိုင်ပါကြောင်း စိုက်ပျိုးတောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မကွေး)