တောင်ငူမြို့တွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါ်လာ၍ ဈေးနှုန်းကျဆင်း

Powered by Drupal

       မိုးရာသီတွင် ပေါ်လေ့ရှိသော ဝါးနွယ်မျှစ်ပြုတ်များသည် ပေါ်စတွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိရှိသော်လည်း ယခုအခါတွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ကျဆင်းပါသည်။ ခြစ်ပြီးသားမျှစ်များမှာ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရှိပါသည်။

   ပဲသီး(ခေါ်)ပဲတောင့်ရှည်သီးမှာ ၁၅ တောင့်ပါတစ်စည်းလျှင် ၃၀၀ ကျပ်၊ အစည်း ၅ စည်း ပါ အထုံးတစ်ထုံးလျှင် ၁၃၀၀ ကျပ်၊ အတိုအရှည် ၇၅ တောင့်ပါ အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်၊ အတိုအရှည် အတောင့် ၅၀ ပါ အစည်းတစ်စည်းလျှင် ၄၀၀ ကျပ်မှ ၄၅၀ ကျပ် ဈေးနှုန်း အသီးသီးဖြင့် ရောင်းချပါသည်။

  ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီးမှာ တစ်တောင့်လျှင် ၁၅၀ ကျပ်မှ ၂၀၀ ကျပ်အထိ၊ ၁၀ တောင့်ပါ အစည်းတစ်စည်းလျှင် ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ အတိုအရှည် ၁၀ တောင့်ပါ အစည်း တစ်စည်းလျှင် ၈၀၀ ကျပ်၊ နှစ်စည်းယူလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချပါသည်။

 ခဝဲသီးမှာ သုံး/လေးလုံးပါ အစည်းတစ်စည်းလျှင် ၂၀၀ ကျပ်၊ ၁၀ စည်းလျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ ရောင်းချပါသည်။ အင်ဥများမှာ ပေါ်စက နို့ဆီဘူး တစ်ဘူးလျှင် ၁၀၀၀ ကျပ် ရှိရာမှ ယခုအခါ တစ်ဘူးလျှင် ၉၀၀ ကျပ်သို့ ဈေးနှုန်းကျဆင်းပါသည်။

   ယခုအခါတွင် မိုးဖြိုင်ဖြိုင်ရာနေပြီဖြစ်ကာ ရာသီပေါ်အသီးအရွက်များလည်း လှိုင်လှိုင်ပေါ် နေပြီဖြစ်သဖြင့် ဈေးနှုန်းများလည်း ကျဆင်းကြောင်း သိရပါသည်။

DOCA(ပဲခူး)