ပဲခူးတိုင်းဒေသကြီး၊ပြည်ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လက်ပဲအချို့ ဈေးလျော့ကျသွားသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသော ပဲများမှာ ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်မှာ ဈေးကောင်းဝင်ပဲသီးနှံထဲပါဝင်နေပြီး ယခုလအတွင်း ပိဿာ (၂၀)တစ်တင်း ကျပ် ၈ သောင်းကျော်အထိ ရရှိခဲ့ပါသည်။ ဇွန်လလယ်တွင် တစ်တင်း ၈၂၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ်မှာတော့ တစ်တင်း ကျပ် ၅ ထောင်ကျော်မြင့်တက်လာသည့်အတွက် တစ်တင်း ၈၇၀၀၀ ကျပ်ထိ ဈေးကောင်းရလျက်ရှိပါသည်။ ယခင်နှစ်က ဇွန်လအတွင်း ပဲနီပြားတစ်တင်း ကျပ် ၅ သောင်းကျော်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ပဲသီးနှံအားလုံးလိုလို ဈေးမြင့်တက်ခဲ့သည့်အတွက် ပဲနီပြားသီးနှံကလည်း ဈေးမြင့်တက်ခဲ့ကာ ယခုကာလမှာ လက်ကားဝယ်ယူမှုထက် လက်လီသမားများ ပိုအရောင်းဝယ်ဖြစ်တာကြောင့် တစ်ရက် အိတ် ၂၀ ကျော် ၃၀ ခန့် ရောင်းဝယ်ခဲ့ကြရကြောင်း သိရပါသည်။
DOCA(ပဲခူး)