မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “ထွဋ်ခေါင်မြန်မာ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးမှူး ဦးတင်ချစ်ကောင်းက စားသုံးသူကာကွယ်ရေးအသိပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပါယ်ဖော်ပြချက်နှင့် စားသုံးသူအခွင့်အရေး (၈) ချက်တို့ကို ကျောင်းသား/ကျောင်းသူများနားလည်သဘောပေါက်စေမည့် ဥပမာများဖြင့် ရှင်းလင်းဟောပြောခဲ့ပါကြောင်း၊ စားသုံးသူများအနေဖြင့် အခွင့်အရေး (၈) ချက်ရှိသကဲ့သို့ တာဝန် (၄) ချက်လည်းရှိပါကြောင်း၊ တာဝန်များကိုလည်းလိုက်နာရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသုံးအဆောင်ပစ္စည်းများနှင့် အစားအသောက်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်ပြီး ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ပါဝင်ပစ္စည်းများ၊ သုံးစွဲပုံနည်းလမ်းများကို အဓိကထားကြည့်ရှု၍ ဝယ်ယူသင့်ပါကြောင်း၊ ဟောပြောဆွေးနွေးခဲ့သည့်အကြောင်းအရာများကို မိဘ၊ ညီအစ်ကိုမောင်နှမများကိုလည်း ပြန်လည်မျှဝေပေးစေချင်ပါကြောင်း ပြောကြားခဲ့ပြီး  တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/‌ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      ဆက်လက်၍ “ထွဋ်ခေါင်မြန်မာ” ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးဒီးကားက ယခုကဲ့သို့ လာရောက်ဟောပြောပေးခဲ့ခြင်းမှတစ်ဆင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများစွာရရှိမည်လို့လည်းမျှော်လင့်ပါကြောင်း၊ လာရောက်ဟောပြောပေးသည့် တာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)