မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး ကုန်းတန်း၊ သဲဆန်သောမြေပြန့်လွင်ပြင်များ၊ ညီညာမှုမရှိသောလွင်ပြင်များ၊ ကျောက်ကုန်း၊ ကျောက်ကမူများ၊ ညီညာပြန့်ဖြူးမှုမရှိသော ကုန်းမြင့်ချိုင့်ဝှမ်းများပေါများသည့်အတွက် စပါးစိုက်ပျိုးမှုနည်းပါးသောဒေသတစ်ခုဖြစ်ပါသည်။
မြင်းခြံခရိုင်တွင် နွေစပါးများကို ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်စိုက်ပျိုးကြပြီး မေလနှင့်ဇူလိုင်လတို့တွင် ရိတ်သိမ်းပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် မြင်းခြံခရိုင်၏ နွေစပါးစိုက်ပျိုးရန်လျာထားမှုမှာ (၃၀၆၇) ဧကရှိပြီး စိုက်ပျိုးမှုအနေဖြင့်လည်း (၃၀၆၇) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရှိရပါသည်။ နွေစပါးရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၁၆၇) ဧကရိတ်သိမ်းပြီးဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ တင်း (၅၇.၃၀) ခန့်ထွက်ရှိကြောင်းနှင့် ဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်းသိရှိရပါသည်။ ယခင်နှစ်တွင် နွေစပါးစိုက်ပျိုးမှုအနေဖြင့် (၃၂၄၂) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၇.၂၉) တင်းခန့်ထွက်ရှိခဲ့ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်တို့ကို နှိုင်းယှဉ်လျှင် ယခုနှစ်တွင် နွေစပါးစိုက်ပျိုးဧက (၁၇၅) ဧကစိုက်ပျိုးမှုလျော့နည်းခဲ့ကြောင်းသိရှိရပါသည်။
မြို့နယ်အလိုက် နွေစပါးစိုက်ပျိုးမှုများမှာ မြင်းခြံမြို့နယ်တွင် (၁၂၀၉) ဧက၊ တောင်သာမြို့နယ်တွင် (၇၀၂) ဧက၊ နွားထိုးကြီးမြို့နယ်တွင် (၁၁၆) ဧက၊ ငါန်းဇွန်မြို့နယ်တွင် (၁၀၄၀) ဧကတို့ဖြစ်ပါသည်။ ရိတ်သိမ်းပြီးစီးမှုမှာ ယခုဇူလိုင်လ၊ ဒုတိယအပတ်ထိ မြင်းခြံတစ်မြို့နယ်သာ အနည်းငယ်ရိတ်သိမ်းမှုရှိသေးကြောင်းနှင့် ဈေးနှုန်း၊ ဈေးကွက်မရှိသေးကြောင်း၊ ယခင်နှစ်နွေစပါးပေါ်ချိန်တွင်မူ ဈေးကွက်အဖွင့်ဈေးမှာ တစ်တင်းလျှင် (၈၀၀၀၊ ၉၀၀၀) ကျပ်တို့ဖြင့် စတင်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)