ရုံးပတီသီးပင်ကို အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွေမှာ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးကာလအနေဖြင့် ကဆုန်၊ နယုန်၊ သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွေမှာအသင့်တော်ဆုံး ဖြစ်ပါသည်။ ရုံးပတီပင်သည် ရေမဝပ်သော မြေမျိုးမှာပိုမိုဖြစ်ထွန်း၍ မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်ပါသည်။ ရုံးပတီပင် စိုက်ပျိုးရာတွင် တိုက်ရိုက်စိုက်ပျိုးနိုင်သလို (၃/၄)ပေရှိသော စိုက်ဘောင်များပေါ် တိုက်ရိုက်စိုက်ပျိုးနိုင်ပြီး အမြင့်(၆)လက်မရှိသော စိုက်ဘောင်များကို မြေဆွေးထည့်၍ (၃)ပွင့်ဆိုင် ကျင်းတူးပြီး စိုက်ပျိုးနိုင်ပါသည်။ မျိုးစေ့ကို မစိုက်ပျိုးမီ ရေကို(၁၂)နာရီခန့်စိမ်ပေးပြီး ရေပေါ်မှာပေါ်နေသော အစေ့များကို ဖယ်ရှားပေးရပါသည်။ တစ်ကျင်းကို မျိုးစေ့(၃)စေ့စီထည့်၍ စိုက်ပျိုးရပြီး အပင်ထွက်လာလျှင် အသန်မာဆုံးအပင်ကိုချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရပါမည်။ စိုက်တန်းအတွင်း တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစီရှိပြီး ပျိုးပင်တွေကို ပြောင်းရွေ့စိုက်မည်ဆိုရင်တော့ အမြစ်မနာစေဖို့ အထူးဂရုပြုသင့်ပါသည်။ ပန်းပွင့်ချိန်နှင့် အသီးဖြစ်ချိန်မှာ ရေများများလိုအပ်ပြီး စီးပွားဖြစ်စိုက်ပျိုးမည်ဆိုလျှင် စိုက်ပျိုးပြီး (၁၅)ရက်သားတွင်တစ်ကြိမ်၊ (၂၅)ရက်သားတွင်တစ်ကြိမ် ပေါင်းလိုက်ပေးရပါမည်။ တတ်နိုင်လျှင် နေ့တိုင်းပေါင်းလိုက်၊ မြေဆွပြီး အစိုဓါတ်လုံလောက်မှုရရှိဖို့ ရောင်းလောင်းပေးရပါသည်။ မြေဩဇာအဖြစ် နွားချေးများထည့်လျှင် ပိုကောင်း၍ ပန်းပွင့် တစ်ပတ်ကြာပါက အသီးများထွက်ရှိလာပြီး ခူးဆွတ်ရပါသည်။ အသီးတောင့်များသည် ရင့်လွယ်သည့်အတွက် ပူသည့်အချိန်တွင် နေ့တိုင်းခူးဆွတ်ရပါသည်။ ပုံမှန်အားဖြင့် (၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ဧကလျှင် ပိဿာချိန် (၁၀၀၀မှ ၃၀၀၀)အထိ ထွက်ရှိနိုင်ပါသည်။ ဈေးနှုန်းအနေဖြင့် ပြည်ဈေးကွက်တွင် (၄)တောင့်ကို (၂၀၀)ကျပ်နှုန်းဖြင့်ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)