ပြည်ဒေသထွက် ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံပင်

Powered by Drupal

    ရှမ်းနံနံပင်(သို့မဟုတ်) ကုလားနံနံဟုခေါ်သော ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပါသည်။ ရှမ်းနံနံပင်အား စိုက်ပျိုးရာတွင် ရာသီဥတုအနေဖြင့် ပူနွေးစွတ်စိုသော ရာသီ ဥတုကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပါသော်လည်း လေဝင်လေထွက်ကောင်းပြီး သဲဆန်သော နုန်းမြေများတွင် စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းစေပါသည်။ ရှမ်းနံနံပင်အား စတင်မစိုက်ပျိုးမှီ အပင်များအတွက် အာဟာဓါတ် ကောင်းမွန်စွာရရှိစေရန် မြေပြုပြင် ထားသော မြေကြီးများထဲသို့ မြေဆွေးနှင့် ဓါတ်မြေဩဇာများ ထည့်ပေးရပါသည်။ အပင်များ စိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းဖြင့်လည်းကောင်း၊ ပင်အဖျားများအား ဖြတ်တောက်ပြီး အမြစ် အပိုင်းများအား ပြန်လည်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြပါသည်။

     ရှမ်းနံနံပင်သည် အရွက်ကိုစားသောက်ရသည့်အတွက် အရွက်ပြားများ ချောစေရန်အတွက် အရိပ်ကောင်းမွန်စွာရရှိရန် ဝါးခြမ်းအမိုးလေးများဖြင့် စနစ်တကျပြုလုပ်ပေးခြင်းဖြင့် အရွက်များကို ပိုမိုကြီးထွားစေပါသည်။ ရှမ်းနံနံပင်၏အနံ့သည် မွှေးကြိုင်စေသဖြင့် အသားဟင်းများ ချက်ပြုတ်ရာ တွင် အရွက်များအား ထည့်ပေးခြင်းဖြင့် ဟင်းအညှီအနံ့များ ပျောက်ပြီး မွှေးကြိုင်စေပါသည်။ ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန် စေပါသည်။ အရွက်ပြားများအား စနစ်တကျစားသုံးပေးလျှင် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းပြီး အစာအိမ်အတွက်လည်း အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။  ထို့အပြင် အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ခဲ့လျှင် နံနံအရွက်ပြားများအား ရေနွေးပူပူတွင်ထည့်ပြီး သောက်လျှင် သက်သာ ပျောက်ကင်းစေပါသည်။

    အပင်များအားစိုက်ပျိုးရာတွင် ပြာသိုလတွင် စတင်စိုက်ပျိုးပြီး ရက်(၃၀)ကြာလျှင် ပေါင်းမြတ် များကိုနှုတ်ပေးရသည်။ အဖူးများထွက်လာလျှင် ချိုးပေးရပါသည်။ သို့မှသာအရွက်များ ကြီးထွားနိုင်ပါ သည်။ မျိုးစေ့များအား ဝယ်ယူရာတွင် တစ်ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍ စိုက်ပျိုးရပါသည်။ နံနံပင်အား စတင်စိုက်ပျိုးပြီး (၂)လအကြာတွင် ဈေးကွက်အတွင်း စတင်ခူးယူ ရောင်းရပြီး တစ်နှစ် ပတ်လုံးခူးယူရောင်းချနိုင်ပါသည်။ ရှမ်းနံနံပင်စိုက်ပျိုးရာတွင် စီးပွားဖြစ် စိုက်ပျိုးခြင်း၊ မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းများပြုလုပ်ကြပါသည်။ ဈေးကွက်အနေဖြင့်လည်း ဈေးကွက်ရှိခြင်း၊ ပစ္စည်းတင်ပို့ရာတွင် လွယ်ကူခြင်းနှင့် တစ်နှစ်ပတ်လုံးရောင်းချရသဖြင့် ပုံမှန်ဝင်ငွေရရှိပါသည်။ တောင်တွင်းကြီးဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြောင်းသိရှိရပြီး ပြည်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။  ဈေးကွက်အတွင်း ရောင်းချရာတွင် ကုန်စိမ်းဒိုင်များမှာ ရန်ကုန်၊ နေပြည်တော်၊ ကျောက်ပန်းတောင်းမြို့များသို့ တင်ပို့ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့နယ်စည်ပင်သာယာဈေးများတွင် ကျေးလက်ဒေသများရှိ ခြံထွက်များမှ ရှမ်းနံနံပင်(၃)ပင်ပါ တစ်စည်းလျှင် (၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)