ပဲစောင်းလျားသီး စိုက်ပျိုးဝင်ငွေတိုး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ် စည်ပင်သာယာဈေးများသို့ ပဲစောင်းလျားသီးများ ဇွန်လနောက်ဆုံးပတ်မှစကာ ဝင်ရောက်မှုရှိလာပြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ဘယ်လတ်ရွာတွင် တစ်ရွာလုံးနီးပါး စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်ရှိ ကျန်ရှိသည့်ရွာများတွင် အနည်းငယ်စိုက်ပျိုးကြောင်းလည်းသိရပြီး ပြည်မြို့နယ်၊ ပျဉ်းပင်ကိုင်း၊ သဇင်လှ၊ မှော်ဇာစသည့်ရွာများတွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်း သိရပါသည်။ ပဲစောင်းလျားသီးကို တို့စရာအဖြစ်၊ ချဉ်ဖတ်အဖြစ်စားသုံးကြပြီး ပဲစောင်းလျားသီး နုနုလေးတွေကို ရေနွေးဖျော၍ ပါးပါးလှီးပြီး သံပုရာသီးညှစ်၊ ပုစွန်ခြောက်လေးထောင်းထည့်ကာ ဆီချက်နှင့် သုပ်စား၍သော်လည်းကောင်း၊ သီးစုံပဲကုလားဟင်းနှင့် ချဉ်ဟင်း၊ ဟင်းချိုထဲထည့်သွင်း ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြကြောင်း သိရပါသည်။

   ပဲစောင်းလျားသီးတွင် သံဓါတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် (A,B,C,E)၊ ဖောလိတ်ဓါတ်၊ ပရိုတင်းဓါတ်စသည့် သံဓါတ်မျိုးစုံနှင့် ဗီတာမင်မျိုးစုံပါဝင်သဖြင့် အရွယ်အတိုင်မီ ရင့်ရော်မှုကို ကာကွယ်ပေးပြီး အသားအရည်တင်းရင်းစေသည့်အပြင် ကယ်လိုရီပါဝင်မှု ပမာဏနည်းသဖြင့် ဝိတ်ချချင်သူများအတွက် အထူးစားသုံးပေးသင့်ကြောင်း၊ ဗီတာမင်စီပါဝင်မှုလည်းများသဖြင့် ကိုယ်ခံအားစနစ်အား ကောင်းစေကြောင်း၊ ကယ်စီယမ်ဓါတ်ပါဝင်မှုမြင့်မားသည့်အတွက်လည်း အရိုးများသန်မာစေပြီး ခွန်အားတိုးစေခြင်းနှင့် အာရုံကြောအားကောင်းစေသည့်အပြင် မှတ်ဉာဏ်အားကောင်းစေခြင်းတို့ကြောင့် ကလေးငယ်များလည်း စားသုံးသင့်ကြောင်း၊ ကျန်းမာရေးအတွက် အထူးသင့်လျော်သည့်သီးနှံဖြစ်ကြောင်း သိရှိရပါသည်။

    ပြည်မြို့ပေါ်ဈေးများတွင် တောင်သူများမှ ပဲစောင်းလျားသီး အတောင့်(၁၀၀)လျှင် ကျပ် (၁၀၀၀-၁၂၀၀)ကျပ်တို့ဖြင့်သွင်းရပြီး ဈေးသည်များမှ ပြန်လည်းရောင်းချရာတွင် (၁၀၀)တောင့်လျှင် အကြီး/ အသေးခွဲခြား၍ ကျပ် (၁၅၀၀-၁၈၀၀-၂၀၀၀)တို့ဖြင့် ပြန်လည်ရောင်းချပြီး လက်လီ (၅)တောင့် စည်းတစ်စည်းလျှင် ကျပ်(၁၀၀)ဖြင့် ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ပဲစောင်းလျားသီး အမြစ်ကျသွားလျှင် ပဲမြစ်တူးဖော်၍ ရောင်းချလို့လဲရသဖြင့် အမြစ်အထိဝင်ငွေ ရရှိသည့်အတွက် စီးပွားဖြစ် အကျိုးဖြစ်ထွန်းစေ၍ စိုက်ပျိုးသင့်သောသီးနှံဖြစ်ကြောင်း တင်ပြရေးသားရပါသည်။

DOCA(ပဲခူး)