ပြည်ဈေးကွက်အတွင်း ယခုဇူလိုင်လဒုတိယပတ်မှစ၍ ဒန့်ဒလွန်သီးများ စတင်ထွက်ပေါ်လာပြီး ပြည်မြို့ပေါ်ဈေးကွက်သို့ ပြည်မြို့မြောက်ဘက်ချောင်းနားတန်းရွာနှင့် ပြည်မြို့တစ်ဖက်ကမ်းရှိ ရွှေဘုံသာရွာတို့မှ စတင်ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
ဒန့်ဒလွန်ပင်ကို စီးပွားဖြစ် စိုက်ပျိုးမှုများရှိသလို အိမ်တွင်းစားသုံးမှုအဖြစ် မိမိတို့အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများလည်းရှိကြပါသည်။ ဒန့်ဒလွန်ပင်တစ်ပင်လုံးသည် လွှင့်ပစ်စရာမရှိလောက်အောင် အဖိုးတန်လှသောအပင်ဖြစ်ပြီး ဒန့်ဒလွန်သီး၊ အရွက်၊ အပွင့် စသည်တို့တွင် ပိုတက်ဆီယမ်၊ သံဓါတ်၊ ပရိုတိန်း၊ ဗီတာမင် (အေ၊ဘီ၊စီ) ကယ်လဆီယမ်ဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး ဒန့်ဒလွန်သီးကို ပဲကုလားဟင်း၊ မန်ကျည်းမှည့်ချဉ်ရည်ဟင်း စသည်တို့ထဲတွင် ထည့်သွင်း ချက်ပြုတ်၍ စားသုံးကြပါသည်။
ဒန့်ဒလွန်အရွက်ကို မြန်မာနိုင်ငံတွင် သွေးတိုးရောဂါသည်များ သွေးတိုးကျစေရေးအတွက် ဒန့်ဒလွန်ရွက်ကို ဟင်းချိုချက်၍ သောက်သုံးလေ့ရှိပြီး အခြားနိုင်ငံများတွင် ဒန့်ဒလွန်ရွက်ကို အခြောက်ခံ၍ အမှုန့်ပြုလုပ်ကာ ဟင်းရည်များထဲတွင် ထည့်သွင်းချက်ပြုတ်လေ့ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ဒန့်ဒလွန် အပွင့်ကို ကြက်ဥနှင့်ကြော်၍လည်းကောင်း၊ ပုစွန်ခြောက်နှင့်ကြော်၍လည်းကောင်း၊ ချက်ပြုတ်စားသောက်ကြရာ အရသာမှာ မှိုနှင့်ဆင်တူကြောင်း လေ့လာသိရှိရပါသည်။ ဒန့်ဒလွန်ပင်၏ အခေါက်၊ အမြစ်၊ အရွက်၊ အသီး၊ အပွင့် အားလုံးတို့သည် ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံတော်တော်များများတွင် အသုံးပြုကြောင်းလည်း သိရှိရပါသည်။
မြန်မာဆေးကျမ်းများအရ ဒန့်ဒလွန်သည် အနည်းငယ်ချို၍ ဖန်သောအရသာရှိပြီး အစာကြေလွယ်၊ နှုတ်ကိုမြိန်စေပြီး ဝမ်းမီးကိုတောက်စေကာ လေ၊ သလိပ်၊ သည်းခြေကိုနိုင်၍ အပူနာ၊ ရေဖျင်းနာ၊ အကြောအချဉ်ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး မျက်စေ့ကို အကျိုးပြုကြောင်း လေ့လာသိရှိရပါသည်။ ပြည်ဈေးကွက်အတွင်း ဒန့်ဒလွန်သီးအနေဖြင့် ပေါ်ဦးပေါ်ဖျား ဈေးကောင်းရကာ တစ်တောင့်လျှင် အကြီးအသေးပေါ်မူတည်၍ ကျပ် (၃၀၀-၄၀၀)ဖြင့် ရောင်းချကြကြောင်း သိရပါသည်။
DOCA(ပဲခူး)