မုံရွာမြို့တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

     စားသုံးဆီများသည် နေ့စဉ်ချက်ပြုတ်စားသောက်ရာတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့်ကုန်စည်ဖြစ်သောကြောင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီမှုမရှိသည့်ဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများကို ဈေးကွက်အတွင်းရောင်းချနေပါက စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ခြင်း၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ဖြင့် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့စစ်ဆေးရန်အတွက် တိုင်း/ပြည်နယ်များအနေဖြင့် စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) မှညွှန်ကြားထားရှိပါသည်။

          သို့ဖြစ်ပါ၍ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၂) ဦး၊ သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း (၁) ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲမှ ဝန်ထမ်း (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့သည် မုံရွာမြို့ပေါ်ရှိ စားသုံးဆီတံဆိပ်အမျိုးမျိုးရောင်းချလျက်ရှိသော Ocean Center သို့လည်းကောင်း၊ ချင်းတွင်းရတနာဈေးနှင့် သီရိရတနာဈေးရှိ ကိုယ်ပိုင်ဆီစက်ဖြင့်ဆီကြိတ်၍ ကိုယ်ပိုင်တံဆိပ်ကပ်ရောင်းချလျက်ရှိသော ဆီဆိုင်များသို့လည်းကောင်း၊ စက်မှုဇုန်ရပ်ကွက်ရှိ ဆီစက်များသို့လည်းကောင်း သွားရောက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ပါ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြကြောင်း၊ (၁၄-၇-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း (၁) ဦးတို့သည် နန္ဒဝန်ရပ်ကွက်ရှိ K-MART စတိုး၊ မြဝတီရပ်ကွက်ရှိ ဆင်မင်း-၄ စတိုးဆိုင်များသို့လည်း သွားရောက်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)