ကယားပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဖွင့်လှစ်

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ စားသုံးသူဆိုင်ရာအသိပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) အား ဖွင့်လှစ်ပို့ချရာ သင်တန်းသားစုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြပါသည်။

     အဆိုပါသင်တန်း၌ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က မိမိတို့ဌာန၏ရည်မှန်းချက်မှာ “စားသုံးသူအခွင့်အရေး ဦးစားပေး” ဖြစ်ပြီး  မျှော်မှန်းချက်တာဝန်များမှာ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ပါကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ‌အောင်မြင်ရန်အတွက် ဝန်ထမ်းများစွမ်းဆောင်ရည်ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် ပြည်ပသို့တင်ပို့သောဆန်အမျိုးအစားများနှင့် အရည်အသွေးဆိုင်ရာစံချိန်စံညွှန်းများအကြောင်းအား အကျယ်တဝင့်အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

   ဆက်လက်၍ ဦးမိုးညွန့်ဦး (ဦးစီးအရာရှိ) က အမျိုးသားအစားအသောက်ဥပဒေနှင့်စပ်လျဉ်း၍ ဥပဒေ၏ရည်ရွယ်ချက်၊  အစားအသောက်ဆိုင်ရာအရည်အသွေးသတ်မှတ်ချက်များ၊ ဘေးအန္တရာယ်နှင့်ကျန်းမာရေးအတွက် လိုအပ်သောသတင်းအချက်အလက်များနှင့် အစားအသောက်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ထုတ်ပိုးခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပြည်ပသို့တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ခင်းကျင်းပြသခြင်း၊ နမူနာပေးခြင်းပြုရာတွင် အမှတ်တံဆိပ်ဖော်ပြခြင်း စသည့် Suppy chain တစ်လျှောက်လုံးတွင် ဒေသစံနှုန်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရေးကိစ္စရပ်များအားလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဘေးအန္တရာယ်ရှိသောကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်းမှပြန်လည်သိမ်းဆည်းစေခြင်းနှင့် ဘေးအန္တရာယ်ရှိသောဝန်ဆောင်မှုကို တားမြစ်ခြင်းများဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ဝန်ထမ်းများအဂတိလိုက်စားမှုမရှိစေရေးအတွက်  အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း သိရှိစေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     ထို့နောက် ဦးစီးမှူးဒေါ်သစ္စာဖူးက ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိ၏ အစီရင်ခံတင်ပြရမည့်အချက်အလက်များ၊ စစ်ဆေးသည့်ရက်စွဲ၊ အချိန်၊ နေရာ၊ ကုန်စည် ရောင်းချသူ (သို့မဟုတ်) ဝန်ဆောင်မှုပေးအပ်သူ၏အချက်အလက်၊ ကုန်စည်/ဝန်ဆောင်မှုတွင် ပါဝင်သောအချက်အလက်များကိုရေးသားရန်၊ ဈေးကွက်အတွင်းသို့ သွားရောက်စစ်ဆေးရခြင်း၏ရည်ရွယ်ချက်၊ စစ်ဆေးတွေ့ရှိချက်တို့ကိုရေးသားဖော်ပြရန်နှင့် မည်ကဲ့သို့အရေးယူဆောင်ရွက်သင့်ကြောင်း၊ တရားမဝင်လမ်းကြောင်းမှဝင်ရောက်သော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ဌာနအနေဖြင့် ကြပ်မတ်ဆောင်ရွက်သင့်သည့်နည်းလမ်းများလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)