အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးတက်လာစေရေးတို့အတွက် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးကျေးရွာတွင် တောင်ကလေးဂျပ်ခုတ်လုပ်ငန်းစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ယခုစီမံကိန်းအား အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (သို့မဟုတ်) သိန်း၁၀၀စီမံကိန်းဟုခေါ်ဆိုပြီး စီမံကိန်းဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီသော အသေးစားကုန်ထုတ်လုပ်ငန်းတစ်ခုရွေးချယ်ကာ စိတ်ပါဝင်စားသော ဒေသခံ၁၀ဦးအား စီမံကိန်းကာလအတွင်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းသား၁၀ဦးအနက် အမှန်တကယ်ဆောင်ရွက်နိုင်မည့် ၅ဦးကို ထပ်မံစိစစ်ရွေးချယ်ကာ စီမံကိန်းကာလအတွင်း နောက်ပိုင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အစိုးရ၏မတည်ပေးသော ကျပ်သိန်း၁၀၀မှ စက်ကိရိယာများရင်းနှီးထောက်ပံ့ပေးခြင်းဖြင့် လုပ်ငန်းရှင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကြောင်းသိရသည်။
အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်တွင် စီမံကိန်းဆောင်ရွက်မည့် ဒေသ၆ခုကိုရွေးချယ်ထားပြီး ယခုဆောင်ရွက်မည့် ဘားအံမြို့၊ တောင်ကလေးဂျပ်ခုတ်စီမံကိန်းမှာ ပထဦးဆုံးအကောင်အထည်ဖော်မည့်စီမံကိန်းဖြစ်ကြောင်းနှင့် စီမံကိန်းကြီးကြပ်သူများအဖြစ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
DOCA(ကရင်)