မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုးစပါး (ဆင်းသုခ) ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်း (၀၉း၀၀) နာရီအချိန်တွင် ဝက္ကသေးကျေးရွာရှိ ဧက (၅၀) စံပြကွက်၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားသို့ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ခဲ့ကြပါသည်။
မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မိုးစပါး (ဆင်းသုခ) ပန်းတိုင် တင်း (၁၀၀) ထွက်ရှိရေးအတွက် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် ဧက (၅၀) စံပြကွက်၌ သရုပ်ပြစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်းဆိုင်ရာကိစ္စရပ်များအား ဒေသခံတောင်သူများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
တောင်သူများအနေဖြင့် ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသည် လုပ်အားသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ အလုပ်သမားများရှာဖွေရသည့်အခက်အခဲလျော့ကျခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှုပိုမိုခြင်း၊ သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ပြုစုထိန်းသိမ်းမှုလွယ်ကူစိတ်ချရခြင်းနှင့် ကောက်ပင်လှန်ရက်စောင့်ဆိုင်းရန်မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆံ့တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသောစပါးခင်းအား စပါးရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(မကွေး)