ပန်းထိမ်မနိုင်စိုက်ပျိုးခြင်းဖြင့် ကုသိုလ်လည်းရ ဝမ်းလည်းဝ

Powered by Drupal

    ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများသည် နေ့စဉ်နံနက်မိုးလင်းသည်နှင့်တစ်ပြိုင်နက် ဘုရားဝေယျာဝေစ္စဖြစ်သည့် မျက်နှာသစ်တော်ရေ၊ သောက်တော်ရေချမ်း၊ ပန်း၊ ဆီမီးနှင့် ဆွမ်းတော်၊ အမွှေးတိုင်တို့ကို ယုံကြည်မှု သဒ္ဒါတရားနှင့်အညီ ကပ်လှူပူဇော်ခြင်းဖြင့် ကုသိုလ်ယူလေ့ရှိကြပါသည်။ ထိုသို့ ကုသိုလ်ယူ ကြရာ ဘုရားပန်းတင်သည့်အခါတွင် ပန်းထိမ်မနိုင်ပန်းသည်လည်း ကပ်လှူလေ့ရှိသည့်ပန်းဖြစ်ပါသည်။ ပန်းထိမ်မနိုင်ပန်းအမျိုးအစားများမှာ တစ်ထပ်ပန်းထိမ်၊ နှစ်ထပ်ပန်းထိမ်နှင့် သုံးထပ်ပန်းထိမ်(ခေါ်) ဆင်စွယ်ဟူ၍ သုံးမျိုးရှိရာ မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပန်းစိုက်ပျိုးသူတို့ အများစုစိုက်ပျိုးကြသော အမျိုးအစားမှာ တစ်ထပ်ပန်းထိမ်နှင့် နှစ်ထပ်ပန်းထိမ်မျိုးများဖြစ်ပါသည်။

    ပန်းထိမ်မနိုင်ပန်းပင်သည် ရေကြိုက်သောအပင်မျိုးဖြစ်ပြီး အအေးပိုင်းဒေသများတွင်သာမက အပူပိုင်းဒေသများတွင်လည်း အများဆုံးစိုက်ပျိုးလေ့ရှိကြပါသည်။ ရေကြိုက်သောအပင်မျိုးဖြစ်သည့်အတွက် အပူပိုင်းဒေသများတွင် ဘူးစင်အောက်များတွင် စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပျိုးစင်ကို ပလတ်စတစ်ဇကာစိမ်း အုပ်ပေးခြင်းဖြင့်လည်းကောင်းစိုက်ပျိုးကြပါသည်။ ပန်းထိမ်မနိုင်ပန်းပင်စိုက်ရာ တွင် ကိုင်းထိုးစိုက်ခြင်း နှင့် ဥမှစိုက်ခြင်းဟူ၍ (၂)မျိုးရှိပါသည်။ ကိုင်းထိုးစိုက်ပျိုးခြင်းကို မိုးဦးကျ (ဇွန်နှင့် ဇူလိုင်)တွင် စတင်စိုက်ပျိုးပြီး နောက်နှစ်နွေအကုန်၊ မိုးအကူးကာလများတွင် ခူးဆွတ်နိုင်ပါသည်။ ပန်းထိမ်မနိုင်ဥများကိုဖြင့် (ဇန်နဝါရီ နှင့် ဖေဖော်ဝါရီ)လများတွင် စိုက်ပျိုးနိုင်ပြီး ဇွန်လလယ်လောက်တွင် အညွန့်တလူလူတက်၍ (၁၀)ရက်ခြား (၁)ခါ ခူးဆွတ်နိုင်ပါသည်။ အောက်တိုဘာလတွင် ပန်းပွင့်ခြင်း ကာလကုန်ဆုံးပြီးနောက် မတ်လလယ်လောက်တွင် မြေပြင်ခြင်း၊ ပျိုးဘောင်တင်ခြင်း၊ သဘာဝမြေဩဇာ (နွားချေး) ထည့်ပေးခြင်းဖြင့် ပန်းဥများပျိုးထားပြီး နောက်နှစ်တွင် တစ်ဖန်ပြန်၍ စိုက်ပျိုးနိုင်ပါသည်။

    ဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် သရက်မြို့ပေါ်ရှိ ဈေးများ၌ (၁၀)ခက် ပါ (၁)စည်းလျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြပြီး အလှူပွဲ၊ မင်္ဂလာပွဲအခမ်းအနားများနှင့် ဘုရားပန်းကပ်လှူရန် ခြံအရောက်လာဝယ်မှုများရှိပါက ပန်းထိမ်မနိုင်ပန်း (၁)ခက်လျှင် ကျပ်(၂၅၀) ဖောက်သည် ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းစိုက်ပျိုးရောင်းချသူ ဦးအောင်မိုးထံမှ သိရှိရပါသည်။

DOCA(မကွေး)