မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် သန်းပေါင်းများစွာသောလူသားများအတွက် အစားအသောက်ပြုလုပ်ရာတွင်အသုံးပြုသည့် ပဲငံပြာရည်သည် အိမ်ရှင်မများ၏ မရှိမဖြစ်လိုအပ်သော မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ်ပါသည်။ ပဲငံပြာရည်ကို ဟင်းချက်ရာတွင်လည်းကောင်း၊ မုန့်ပဲသားရေစာပြုလုပ်ရာတွင်လည်းကောင်း၊ ခေါက်ဆွဲအမျိုးမျိုးစားသုံးရာတွင်လည်းကောင်း အသုံးပြုလျက်ရှိပါသည်။
ပဲငံပြာရည်ထုတ်လုပ်မည်ဆိုပါက ကုန်ကြမ်းအနေဖြင့် ရှမ်းပဲပုပ် (သို့) ပဲဖိစပ်၊ ထန်းလျက် (သို့) ကြံသကာ၊ ဆား စသည့်ပစ္စည်းများလိုအပ်ပါသည်။ ပထမဦးစွာ ပဲပုပ် (သို့) ပဲပိစပ်ကို ပွလာအောင် တစ်ညရေစိမ်ရပြီး နောက်တစ်နေ့တွင် ပဲပုပ်ရေဝ၍ ပွလာလျှင် ပဲကိုနူးအောင်ပြုတ်ရပါမည်။ ထိုသို့ ပြုတ်ထားသည့်ပဲကို ရေစစ်ပြီးနေလှန်းထားရပါမည်။ (၁၅) ရက်ခန့်ကြာသည့်အခါ ပဲပုပ်များမှိုတက်လာသည်ကိုတွေ့ရှိရပြီး ထိုမှိုတက်နေသောပဲပုပ်ကို ခြောက်သွေ့သွားအောင် နေပြန်လှန်းရပါမည်။ ထိုအချိန်တွင် ကြံသကာ (သို့) ထန်းလျက်ကို အရည်ကြိုထားရပါမည်။ နေလှန်းထားသည့်ပဲပုပ်များ ကောင်းကောင်းခြောက်သွေ့သွားသည့်အချိန်တွင် ကြံသကာ (သို့) ထန်းလျက်ပြုတ်ထားသည့်အရည်ထဲသို့ အိမ်သုံးဆားနှင့်ရောထည့်၍ စဉ့်အိုး (သို့) လှောင်ကန်ထဲထည့်ပြီး လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် အဖုံးကို လုံလုံခြုံခြုံဖုံးအုပ်ထားရပါမည်။ အနည်းဆုံး (၁) နှစ်မှ (၄) နှစ်အထိစိမ်ထားပြီးနောက် ပဲပုပ်ဖတ်များကိုစစ်၍ ဆယ်ယူခြင်းဖြင့် ကျန်ခဲ့သည့်အရေမှာ ငံပြာရည်ဖြစ်ပေါ်လာပါသည်။ ထိုငံပြာရည်ကို ပြန်ကြိုချက်လိုက်ခြင်းဖြင့် ပဲငံပြာရည်စစ်စစ်ဖြစ်လာပါသည်ဟု ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်၊ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင် ဒေါ်နန်းဟွမ်ခမ်း၏ပြောပြချက်အရ သိရှိရပါသည်။
ပဲငံပြာရည်၏သက်တမ်းမှာ ထုတ်လုပ်သည့်နေ့မှစ၍ (၃) လအထိအထားခံကြောင်း၊ အိမ်ရှင်မများအနေဖြင့် ပဲငံပြာရည်ဝယ်ယူသုံးစွဲရာတွင် အသုံးပြုပြီးလျှင် ပဲငံပြာရည်ပုလင်းကို လေလုံအောင် စနစ်တကျထားပြီးသုံးစွဲပါက (၁) လအထိအထားခံကြောင်း သိရပါသည်။ "ရွှေဆင်” အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်အနေဖြင့် ပဲငံပြာရည် (၁) လီတာ ပုလင်းတစ်လုံးလျှင် ကျပ်တစ်ထောင်ဖြင့်ရောင်းချရာ (၁) ပတ်လျှင် ပုလင်းအလုံးရေ (၁၂၀) လုံးခန့်ရောင်းရကြောင်းနှင့် ဒေသတွင်းဖြန့်ဖြူးရောင်းချရာတွင် အောင်မြင်မှုရရှိလာပါက ပြည်မကြီးမှတစ်ဆင့် ပြည်ပအထိတင်ပို့နိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)