ကန့်ဘလူမြို့၏ သပြေပန်းစိုက်ပျိုးရောင်းချမှု

Powered by Drupal

   သပြေပန်းသည် မြန်မာလူမျိုးတို့ ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် မပါမဖြစ်အသုံးပြုကြသောပန်းဖြစ်ပါသည်။ သပြေပန်းပင်များကို ကန့်ဘလူမြို့နယ်၊ ဒေသအနှံ့အပြားတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြသည်။ ယခုအခါ “သပြေပန်းများ” ကို ကန့်ဘလူမြို့၊ ဒေါ်မမကြီးခြံတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြောင်းသိရှိရသဖြင့် သွားရောက်လေ့လာခဲ့ပါသည်။ ခြံပိုင်ရှင်၏ပြောပြချက်အရ သပြေပန်းနှစ်ပျိုးစိုက်ပျိုးထားရှိပါကြောင်း၊ သပြေပင်စုစုပေါင်း (၁၄၇၀) ပင်စိုက်ပျိုးထားပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေမှာ အပင် (၆၇၀) စိုက်ပျိုးထားပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေပင်၏အညွန့်မှာ ထွက်ခါစတွင် အနီရောင်သန်းပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း ရွေဝါရောင်ဖြစ်လာကြောင်းသိရသည်။ ရွှေသပြေ (ခေါ်) အောင်သပြေသည် လူကြိုက်အများဆုံးပန်းဖြစ်ပြီး မိမိတို့လုပ်ငန်းများအဆင်ပြေအောင်မြင်လာသောအခါ အောင်ပွဲအထိမ်းအမှတ်အခမ်းအနားများကျင်းပပြုလုပ်ရာတွင် အောင်ပန်းအဖြစ်အသုံးပြုရန် လာရောက်ဝယ်ယူကြကြောင်းသိရသည်။ အာဆီယံသပြေမှာ အပင် (၈၀၀) စိုက်ပျိုးထားရှိပါကြောင်း၊ အာဆီယံသပြေ၏အညွန့်လေးများသည် ရဲရဲတောက်အောင်လှပပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေကို စတင်စိုက်ပျိုးပြီး (၆) လအကြာတွင် စတင်ဆွတ်ခူးရကြောင်း၊ အာဆီယံသပြေကို (၁) နှစ်သားမှစတင်ဆွတ်ခူးကြောင်းနှင့် ယခုအခါ စိုက်ပျိုးထားသည်မှာ (၅) နှစ်သားခန့်ရှိပြီဖြစ်ပြီး သပြေပင်မှ သပြေပန်းခက်များကို နေ့စဉ်ဆွတ်ခူးရကြောင်း ခြံပိုင်ရှင်ထံမှသိရှိရပါသည်။

  ခြံမှထွက်ရှိသောသပြေပန်းများကို ဖောက်သည်များအားပေးသည့်အပြင် မြို့မစည်ပင်ဈေးတွင်လည်း ကိုယ်တိုင်ရောင်းချလျက်ရှိရာ ဖောက်သည်ဈေးနှုန်းမှာ (၁၀) စည်းလျှင် ၁၀၀၀ကျပ်၊ လက်လီဈေးနှုန်းမှာ (၃) ခက်ပါ (၁) စည်းလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချရပြီး နေ့စဉ်ဝင်ငွေ ၁၅၀၀၀ကျပ်ခန့်ရရှိသဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားဖြစ်လည်းစိုက်ပျိုးရန်သင့်တော်သော ပန်းတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)