ရွှေတောင်မြို့တွင် နွေနှမ်းများစိုက်ပျိုးထွက်ရှိ

Powered by Drupal

     ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၌ နွေနှမ်းများရိတ်သိမ်းပြီးဖြစ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် နွေနှမ်းများရိတ်သိမ်းပြီးစီးသွားသော ဝါးတောအုပ်စု၊ ဝါးတောကျေးရွာသို့သွားရောက်၍ နွေနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်အားသိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

  နွေနှမ်းများစိုက်ပျိုးသော တောင်သူ ဦးဌေးဝင်းက နွေနှမ်းစိုက်ဧက (၆) ဧကစိုက်ပျိုးထားရှိပြီးဖြစ်၍ ယခင်နှစ်တွင် နွေနှမ်းများစိုက်ပျိုးထားခြင်းမရှိဘဲ ယခုနှစ်တွင် နှမ်းများဈေးကောင်းလာသဖြင့် နွေစပါးရေပေးရာမှ စိုက်ပျိုး၍မရသောနေရာများတွင် မြေအစိုဓာတ်ကိုယူ၍ နွေနှမ်းများစိုက်ပျိုးကြောင်းသိရပါသည်။ ရွှေတောင်မြို့နယ်၌ နွေနှမ်းကို ကျေးရွာအုပ်စု (၆) အုပ်စုတွင် (၁၃၄) ဧကစိုက်ပျိုးထားရှိပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်းသိရပါသည်။ နွေနှမ်းစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် အနည်းဆုံး (၃) သိန်းကျပ်မှ အများဆုံး (၅) သိန်းကျပ်အထိကုန်ကျကြောင်းသိရပါသည်။ တစ်ဧကအထွက်နှုန်းအနေဖြင့် အနည်းဆုံး (၁၀) တင်းမှ အများဆုံး (၁၅) တင်းအထိထွက်ရှိကြောင်းသိရပါသည်။ ထိုသို့ကုန်ကျစရိတ်နှင့် အထွက်နှုန်းကွဲပြားရခြင်းမှာ စိုက်သောရေမြေပေါ်မူတည်၍ ကွဲပြားရခြင်းဖြစ်ကြောင်းသိရပါသည်။ ရွှေတောင်မြို့မှထွက်ရှိလာသောနွေနှမ်းများကို ဒေသတွင်းဆီစက်များသို့ရောင်းချသည့်အပြင် ပြည်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြောင်း သိရပါသည်။ နွေနှမ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် အနည်းဆုံး (၉၀၀၀၀) ကျပ်မှ အများဆုံး (၁၀၀၀၀၀) ကျပ်အထိဈေးရရှိကြောင်းသိရပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် ပျမ်းမျှအားဖြင့် (၆) သိန်းကျပ်မှ (၁၀) သိန်းကျပ်အထိရရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)