ပဲခူးတိုင်းဒေသကြီးအတွင်း ဘဲမွေးမြူရေးလုပ်ငန်းများ တွက်ခြေကိုက်

Powered by Drupal

     ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ ကောင်းလျက်ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမို များပြားလာကြောင်း သိရှိရပါသည်။

      ဘဲသည် ကြက်ကဲ့သို့ မဟုတ်ဘဲ မွေးမြူရလွယ်ကူသည့်အပြင် မိုးရာသီဖြစ်သည့်အလျောက် ၎င်းတို့၏ သဘာဝအစားအစာဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊  တီကောင် စသည်တို့ ပိုမိုပေါများသည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည်။

       သနပ္ပင်မြို့နယ်အတွင်း လွှတ်ကျောင်းများ ပေါသောကြောင့် တစ်နိုင်တစ်ပိုင် အကောင်ရေ ၃၀မှ ၅၀ မွေးမြူသူများ ရှိသကဲ့သို့ အကောင်ရေ ၅၀၀၊ ၁၀၀၀၊ ၂၀၀၀ စသည်ဖြင့် စီးပွားဖြစ် မွေးမြူသူ များလည်းရှိကြောင်း သိရှိရသည်။ ဥစားဘဲအနေဖြင့် အကောင်ပေါက် စတင်မွေးမြူသည်မှ ခြောက်လ ကျော်လျှင် ဥစတင်ဥကာ ဥသက်တမ်းမှ တစ်နှစ်၊ တစ်နှစ်ခွဲခန့်ရှိကြောင်း သိရှိရသည်။ ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ် အစားအစာ၊ ဆေးဝါး၊ လုပ်သားခအပါအဝင် တစ်ရက်လျှင် ကျပ် ၇၅၀၀၀ခန့် ကုန်ကျကြောင်း သိရှိရသည်။

    ဘဲဥ ဥသည့် အချိန်ရောက်လျှင် အကောင် ၁၀၀၀လျှင် တစ်ရက်ပျှမ်းမျှ ၇၀၀ နှုန်းခန့် ဥကြောင်း သိရပြီး သက်တမ်းကုန် ဘဲများကိုလည်း အသားအဖြစ် ရောင်းချနိုင်သည့်အတွက် အသားတင် အကျိုး အမြတ်ရရှိကြောင်း သိရှိရသည်။ ဘဲဥတစ်လုံးလျှင် ယနေ့ခြံထွက်ဈေးမှာ ၂၈၀ ကျပ်ခန့်  ရှိသောကြောင့် တစ်ရက်လျှင် ၁၉၆၀၀၀ ကျပ် ခန့်ဝင်ငွေရရှိသဖြင့် ဘဲကောင်ရေ ၁၀၀၀ မွေးမြူလျှင် တစ်ရက် ၁၂၁၀၀၀ ကျပ်ခန့် အကျိုးအမြတ်ရရှိရာ ဘဲမွေးမြူသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရသည်။  

DOCA(ပဲခူး)