တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များကို သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချ

Powered by Drupal

  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးရည်ရွယ်၍ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးမြောက်ဘက်ရှိ သံတောင်လမ်းမကြီးပေါ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အရောင်းဆိုင်ဖွင့်လှစ်၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိပါသည်။

  တောင်ငူမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းရှင်များက ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥများကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက သစ်သီးဝလံများကိုလည်းကောင်း သက်သာသောဈေးနှုန်းများဖြင့် တိုက်ရိုက်အရောင်းဆိုင်များတွင် နေ့စဉ် လာရောက်ရောင်းချပေးကြပါသည်။

  ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီဈေးကားသည်လည်း တောင်ငူမြို့သို့ အပတ်စဉ် လာရောက်ပြီး သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ယနေ့တွင်လည်း တိုက်ရိုက်အရောင်းဆိုင်သို့ စားသုံးဆီ (၅၀) ကျပ်သားတစ်ဘူးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးပါသည်။

   တောင်ငူမြို့နယ်၏ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များကလည်း တိုက်ရိုက်အရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လာရောက်ရောင်းချပေးသည့်အပြင် အခြေခံလူတန်းစားအများစုဈေးဝယ်လာကြသည့် မြစည်းခုံဘုရားဈေးနှင့် ရွှေဆံတော်ဘုရားဈေးများသို့လည်း မော်တော်ယာဉ်ဖြင့်လှည့်လည်ရောင်းချပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)