![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၉၅_1.jpg?itok=WZ-7e1h-)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့်အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးစိုက်ပျိုးသော တောင်သူ ဒေါ်နွဲ့ကြည်နှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ရုံးပတီသီးကို စိုက်ပျိုးသောမျိုးမှာ Finger One တံဆိပ်ဖြစ်ပြီး တစ်ထုပ်လျှင် (၃၀၀၀၀) ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြောင်းသိရပါသည်။ မျိုးစေ့ထုပ် တစ်ထုပ်လျှင် အစေ့ (၂၀၇၀) စေ့ပါရှိပြီး တစ်စေ့လျှင်တစ်ကျင်းနှုန်းဖြင့် စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးသည့်ရုံးပတီစေ့တိုင်းတွင် အပင်ပေါက်ပြီး မိုးများသောဒဏ်ကိုလည်းခံနိုင်ကြောင်းသိရပါသည်။ အပင်ရေ (၂၀၇၀) ပင်တွင် ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအပါအဝင် (၈၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ရုံးပတီသီးပင်ကို နယုန်လပြည့်ကျော်တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၄၅) ရက်အကြာတွင် ခူးဆွတ်ရောင်းချ၍ရကြောင်းသိရပါသည်။ ရုံးပတီသီးခူးဆွတ်ရာတွင် တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၅၀၀/၆၀၀) ခန့်ရရှိပြီး တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်ရကြောင်းသိရပါသည်။ သက်တမ်းအားဖြင့် (၃) လကြာမြင့်ပြီး ဝင်ငွေအားဖြင့် (၂၅၀၀၀၀၀) ကျပ်ခန့်ရရှိသည်ဟု ခန့်မှန်းရပါသည်။ ရုံးပတီပင်ဈေးနှုန်းဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲသို့ဆင်းပြီး ဝယ်ယူကြ၍ တစ်တောင့်လျှင် လက်ကားဈေး (၈) ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။ ထိုမှတစ်ဆင့် ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။
ရုံးပင်တီပင်သည် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ပိုမိုရရှိသဖြင့် စိုက်ပျိုးသင့်ပါသည်။ အပင်ကိုပြုစုနိုင်လျှင်လည်း အသီးနှုန်းအားကောင်း၍ အမြတ်အစွန်းများရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA (ပဲခူး)