ပင်လယ်နက်ဒေသ သဘောတူညီချက် ရပ်ဆိုင်းခြင်းက ကောက်ပဲသီးနှံဈေးနှုန်းများ ၁၅% အထိ မြင့်တက်စေဖွယ်ရှိ

Powered by Drupal

ယူကရိန်းနိုင်ငံမှ ပို့ကုန်များအား ပင်လယ်နက်ဒေသကိုဖြတ်သန်းခွင့်ပြုသည့် သဘောတူညီချက်မှ ရုရှားနိုင်ငံက နှုတ်ထွက်ခဲ့ခြင်းသည် ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်တွင် ဈေးနှုန်းများကို ၁၅% အထိ မြင့်တက်စေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းချက် ထုတ်ပြန်ခဲ့ပါသည်။

IMF ၏ စီးပွားရေးရာ အကြီးအကဲဖြစ်သူ Pierre-Olivier Gourinchas က ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်သည် ယူကရိန်းနိုင်ငံမှ ကောက်ပဲသီးနှံများအား ဈေးကွက်သို့ ပေးသွင်းမှုကို သေချာခိုင်မာစေခြင်းဖြင့် စားနပ်ရိက္ခာများအပေါ် ဈေးနှုန်းဖိအား သက်ရောက်မှုမှ  သက်သာမှုရရှိစေမည့် လွန်စွာအရေးပါသော ညှိနှိုင်းဆောင်ရွက်ချက်အဖြစ် တည်ရှိခဲ့ကြောင်း၊ ယင်းသဘောတူညီချက်အား ရပ်ဆိုင်းမှုသည် သီးနှံဈေးနှုန်းများကို မြင့်တက်စေမည်ဖြစ် ကြောင်း၊ ကောက်ပဲသီးနှံဈေးနှုန်းများသည် ၁၀% မှ ၁၅% အတွင်း မြင့်တက်မှုရှိမည်ဟု အသင့်အတင့် ခန့်မှန်းရရှိပြီး ၎င်းတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်အကဲဖြတ်လျက်ရှိကြောင်းဖြင့် သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၅ ရက် အင်္ဂါနေ့၌ IMF မှ ကမ္ဘာ့စီးပွားရေးအလားအလာခန့်မှန်းချက် ထုတ်ပြန်ရာ တွင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းစီးပိုင်းဈေးနှုန်းဖောင်းပွမှု (headline inflation) သည် ၂၀၂၂ ခုနှစ်၌ ၈.၇% ရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၆.၈% သို့ ကျဆင်း ဖွယ်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၌ ၅.၂% သို့ ဆက် လက်ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း၊ အလားတူ အစားအစာနှင့် လောင်စာဆီတို့ကို ပါဝင်တွက်ချက်မှုမရှိသော ပင်မဈေးနှုန်းဖောင်းပွမှု (core inflation) သည်လည်း ၂၀၂၃ ခုနှစ်တွင် ၆.၀% နှင့် ၂၀၂၄ ခုနှစ်၌ ၄.၇% အသီးသီးကျဆင်းဖွယ်ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိဆောင်ရွက်နေသော တင်းကျပ်သည့် ငွေကြေးထိန်းချုပ်မှုစနစ်ကို အဆုံးသတ်လျက် ဗဟိုဘဏ်များက ရည်မှန်းထားသော ငွေကြေးဖောင်းပွမှု လျှော့ချရန် လျာထားချက်သို့ ရောက်ရှိသည့် ကာလတိုင်အောင် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၅ ခုနှစ် နှစ်ဦးပိုင်းအထိ ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းဖောင်းပွမှု ကျဆင်းခြင်း ဖြစ်ပေါ်ဖွယ်ရှိကြောင်း Gourinchas က ရိုက်တာသတင်းဌာနသို့ ပြောဆိုပါသည်။

ကုလသမဂ္ဂနှင့် တူရကီနိုင်ငံတို့၏ ကြားဝင်စေ့စပ်မှုဖြင့် လက်မှတ်ရေးထိုးခဲ့သော အဆိုပါသဘောတူညီချက်မှ ရုရှားနိုင်ငံ၏ နှုတ်ထွက်မှုသည် ယူကရိန်းနိုင်ငံ၏ သီးနှံထုတ်ကုန်များအပေါ် ကြီးမားစွာ အမှီပြုနေရသော မြောက်အာဖရိကဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် တောင်အာရှဒေသတို့အပါအဝင် ကမ္ဘာ့နေရာဒေသများအပေါ် ထိခိုက်စေလိမ့်မည်ဟု ပြီးခဲ့သည့် သီတင်းပတ်ကပင် IMF က ပြောကြားခဲ့သည်။ ပင်လယ်နက်ဒေသကို ဖြတ်သန်း၍ ယူကရိန်းနိုင်ငံမှ တင်ပို့လျက်ရှိသော ကောက်ပဲသီးနှံပမာဏမှာ တန်ချိန် ၃၃ သန်းခန့်ရှိရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် အရေးပါသည့်အချက်တစ်ရပ် ဖြစ်လျက်ရှိသည်။

ဥရောပသမဂ္ဂကမူ ယူကရိန်းနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော အီးယူအဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် ရထားလမ်းနှင့် ကားလမ်း ချိတ်ဆက်မှုများဖြစ်သော ခိုင်မာသည့် ကုန်းလမ်းကြောင်း ဆက်သွယ်မှုများဖြင့် ယူကရိန်းနိုင်ငံ၏ လယ်ယာထွက်ကုန် များတင်ပို့မှုကို ဆောင်ရွက်ရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက် အင်္ဂါနေ့၌ ပြောကြားခဲ့သည်။ ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ယူကရိန်းနိုင်ငံ၏ ပြည်ပသို့ ကုန်စည်တင်ပို့မှုတွင် ကုန်းလမ်းကြောင်း ဆက်သွယ်မှုမှ ၆၀% နှင့် ပင်လယ်နက်ဒေသကို ဖြတ်သန်း၍ ရေကြောင်းဆက်သွယ်မှုမှ ၄၀% ပါဝင်ကြောင်း သိရှိရသည်။

Source: Reuters, 25 Jul 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)