မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား၌ (၁၈-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးကဦးဆောင်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ပုဂံ၊ ညောင်ဦးဒေသထွက်ကုန် လက်ဆောင်ပစ္စည်းထုတ်လုပ်ရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြပါသည်။
ဟောပြောဆွေးနွေးရာတွင် ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်များ၊ တာမြစ်ချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုရှင်းလင်းပြောကြား၍ မိမိတို့သည် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့်အတွက် စီးပွား ရေးကျင့်ဝတ်စည်းကမ်းများနှင့်အညီ လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့အကျိုးစီးပွားအတွက်သာကြည့်ပြီး စားသုံးသူများထိခိုက်နစ်နာစေသည့်အပြုအမူ၊ လုပ်ဆောင်မှုများကိုရှောင်ကြဉ်ရမည်ဖြစ်ပါကြောင်း၊ စားသုံးသူအပေါ် စိတ်စေတနာအပြည့်အဝထားရန်နှင့် မိမိတို့၏စိတ်စေတနာအလျောက် ပြန်လည်အကျိုးသက်ရောက်လာမှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပုဂံ၊ ညောင်ဦးဒေသများသည် ကမ္ဘာ့အမွေအနှစ်ဝင် ရှေးဟောင်းအထင်ကရနေရာဒေသတစ်ခုဖြစ်သည့်အတွက် ပြည်တွင်းပြည်ပခရီးသွားများ အချိန်နှင့်အမျှ အမြဲမပြတ်လာရောက်လျက်ရှိပြီး မိမိတို့အိမ်/ဒေသသို့ပြန်သည့်အခါ ပုဂံ၊ ညောင်ဦးဒေသ၏ ဒေသထွက်အစားအစာနှင့်အသုံးအဆောင်ပစ္စည်းများကို အမှတ်တရအနေဖြင့်သော်လည်းကောင်း၊ မြတ်နိုးကြိုက်နှစ်သက်၍သော်လည်းကောင်း ဝယ်ယူကြပါကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏အရပ်ဒေသဂုဏ်၊ မိမိတို့ထုတ်လုပ်သည့်ကုန်စည်၏အရည်အသွေးနှင့် နာမည်ဂုဏ်သတင်းများမှာ ကောင်းမွန်ခိုင်မာစေရန်လိုပါကြောင်း၊ သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းဝယ်ရာတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေပါပြဋ္ဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထောက်ခံချက်များကိုသိရှိနားလည်ထားရမည်ဖြစ်ပြီး စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်လည်းဖြစ်ပါကြောင်း စသည်ဖြင့် အသိပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနများမှ ပုဂံဒေသထွက် ယွန်းထည်နှင့်ပုန်းရည်ကြီးများကို နိုင်ငံတကာသို့ထိုးဖောက်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပုဂံဒေသထွက်ပစ္စည်းများအား နိုင်ငံတကာခရီးသွားကျယ်ပြန့်စွာသိရှိဝယ်ယူအသုံးပြုနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်ရေးတို့ကိုဟောပြောဆွေးနွေးခဲ့ကြပြီး အဆိုပါဟောပြောဆွေးနွေးပွဲသို့ ရွှေစည်းခုံဘုရားအတွင်းအပြင်ရှိ ဈေးဆိုင်များမှ ဈေးရောင်းချသူများ၊ လုပ်ငန်းရှင်များ၊ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြကြောင်းနှင့် ဟောပြောဆွေးနွေးမှုများအပြီးတွင် ပူးပေါင်းအဖွဲ့သည် ဘုရားအတွင်း/အပြင်ရှိ ပုဂံဒေသထွက် လက်ဆောင်ပစ္စည်းရောင်းချသောဆိုင်များသို့သွားရောက်၍ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)