ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် ခြင်း၊ တောင်း၊ စကောနှင့် စကာများရက်လုပ်လျက်ရှိပါသည်။ ရွာနေပြည်သူများသည် ခြင်း၊ တောင်း၊ စကောနှင့်စကာများကိုရက်လုပ်ပြီး အသက်ဝမ်းကြောင်းပြုနေသော ရွာတစ်ရွာလည်းဖြစ်ပါသည်။ ထိုအရာများကိုယက်လုပ်ရာတွင် ဝါးကို ကုန်ကြမ်းအဖြစ်အသုံးပြုကြပါသည်။
ကြက်သောင်းဝါး၊ တင်းဝါးနှင့်ဝါးလတ်ဟူသော ဝါးသုံးမျိုးဖြင့်ရက်လုပ်ရပါသည်။ ထိုးဝါးများကို မြို့ချောင်းမှ ကျောက်တံခါးမြို့နယ်ရှိ ဝါးဆိုင်များသို့တင်သွင်းပြီး ထိုမှတစ်ဆင့် ဝယ်ယူရပါသည်။ ခြင်းကိုပြုလုပ်ရာတွင် ကြက်သောင်းဝါးနှင့် ဝါးလတ်တို့ဖြင့်ရက်လုပ်ရပါသည်။ခြင်းကိုရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ အပြားသေးအောင်လုပ်ပြီး တဇောင်းထိုးရပါသည်။ ဝါးအကြီး ၅လုံးလျှင် ခြင်းအလုံး ၂၀လုံးထွက်ပါသည်။
တောင်းကိုရက်လုပ်ရာတွင် ဝါးကိုနှီးအတည့်ဖျာပြီး နေလှန်း၍ခြောက်လျှင် ရက်လုပ်၍ရပါသည်။ ဝါးအကြီး ၅လုံးလျှင် တောင်းဝိုင်းအလုံး ၂၀လုံးထွက်ပါသည်။ စကောရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး နေလှန်း၍ ခြောက်လျှင် ရက်လုပ်ရပြီး ဝါးအကြီး ၂လုံးလျှင် စကော ၁၅ချပ်ရပါသည်။ ဇကာကိုရက်လုပ်ရာတွင် ဝါးကိုနှီးဖြစ်အောင်ဖျာပြီး အစိုရက်၍ ဝါးကြီး ၂လုံးလျှင် ဇကာ ၁၅ချပ်ရပါသည်။ တစ်ရက်လျှင် ခြင်း ၁၀လုံး၊ တောင်း ၁၀လုံး၊ စကော ၁၀ချပ်နှင့် စကာ ၂၀ချပ်တို့ကိုရက်လုပ်နိုင်ပါသည်။
ရောင်းချရာတွင် ခြင်းနှင့်တောင်းတို့ကို အရွယ်အစားအလိုက် (၁) လုံးလျှင် ၁၆၀၀ကျပ်မှ ၂၅၀၀ကျပ်အထိရောင်းချနေပြီး စကော (၁) ချပ်လျှင် ၁၂၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ရွာမှထွက်သော ခြင်း၊ တောင်း၊ စကောနှင့် စကာတို့ကို ဒေသအတွင်းကျေးရွာမှ မှာယူပြီး ကျောက်တံခါးမြို့နယ်အတွင်း နီးစပ်ရာဒေသများ၊ ဖြူးမြို့နယ်နှင့် ညောင်းလေးပင်မြို့နယ်များတွင်လည်းရောင်းချလျက်ရှိပါသည်။ ခြင်း၊ တောင်း၊ စကောနှင့်စကာများမှာ လက်ရာများသေသပ်ပြီး နှုတ်ခမ်းသားများမှာလည်း ဝါးကိုပါးပါးလေးခွဲ၍ ကွပ်ထားသည့်အတွက် သုံးလေးနှစ်အသုံးခံ၍ ဝယ်ယူသူများမှာ အထူးနှစ်သက်ကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)