![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.6_0.jpg?itok=OGvJgEBA)
တောင်ငူမြို့နယ် ၊ အနောက်ဆင်ကျေးရွာအုပ်စု ၊ ရွာတန်းရှည်ကျေးရွာ ဝက်မွေးမြူရေး လုပ်ငန်းသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စတင်လုပ်ကိုင်ခဲ့ပြီး အောင်မြင်နေသော မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဝက်အကောင်ပေါက်များကို ရန်ကုန်တိုင်းဒေသကြီး ၊ မှော်ဘီမြို့နယ် ညောင်နှစ်ပင်ရှိ DEHEUS ကုမ္ပဏီမှ ဝယ်ယူပါသည်။ ၁၆ ကီလိုဂရမ်အလေးချိန်ရှိသည့် အကောင်ပေါက်တစ်ကောင် ကို ၂၉၀၀၀၀ ကျပ်ပေးရပါသည်။ ဝက်ငယ်များအတွက် အစာမှာ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိရှိပြီး ဝက်ကြီးများအတွက် အစာမှာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်ခန့် ရှိသဖြင့် ဝက်ငယ်အစာသည် ဝက်ကြီးအစာထက် ဈေးကြီးပါသည်။
ဝက်စာတစ်အိတ်၏ အလေးချိန်မှာ ၂၅ ကီလိုဂရမ်ရှိပြီး ဝက်တစ်ကောင်ကို တစ်ပတ်ခန့် ကျွေးရပါသည်။ ဝက်တစ်ကောင်အတွက် လေးလအတွင်း အစာဖိုးမှာ ၃၀၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ဝယ်ယူသည့် ဝက်ငယ်အားလုံး မတင်ဘဲ သေဆုံးမှုအနည်းငယ်ရှိပါသည်။ ယခုအပတ်တွင် အကောင် ၂၀၀ ဝယ်ယူခဲ့ရာ ၈ ကောင်သေဆုံးပါသည်။ ဝက်ငယ်များကို ဝယ်ယူပြီး လေးလအကြာတွင် ရောင်းတမ်းဝင်ပြီးဖြစ်ပါသည်။
ရောင်းတမ်းဝင်ဝက်ကြီးတစ်ကောင်မှာ အလေးချိန် ၇၇ ပိဿာ မှ ၈၀ ပိဿာအတွင်း ရှိပါသည်။ ဝက်များကို ကတ္တားတင်တစ်ပိဿာလျှင် ၉၆၀၀ ကျပ်ဖြင့် တောင်ငူမြို့ရှိ ဝက်သားဒိုင်များက လာရောက်ဝယ်ယူပါကြောင်း သိရပါသည်။
DOCA(ပဲခူး)