ခရမ်းမြို့နယ်၏ စားဖားမွေးမြူခြင်းလုပ်ငန်း

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာမတ်ကျေးရွာတွင် စားဖားအကောင်ဖောက်ရောင်းချခြင်းနှင့် မွေးမြူခြင်းလုပ်ငန်းများရှိပြီး ကမာမတ်ကျေးရွာမှ စားဖားသားပေါက်များအား ခရမ်းမြို့ပေါ် (၉) ရပ်ကွက်နှင့် ကျုံးကျုံးကျ၊ ကမာကလူ၊ ပေါက်ပင်၊ ကြူတော၊ ကမာစိန်ကျေးရွာများမှ ဝယ်ယူမွေးမြူခြင်းဖြင့် တစ်နိုင်တစ်ပိုင် မွေးမြူကြပါသည်။

    ကမာမတ်ကျေးရွာတွင်နေထိုင်သော ဦးနန်းဝေသည် စားဖားမွေးမြူခြင်းလုပ်ငန်းအား ၂၀၀၇ခုနှစ်မှစတင်၍မွေးမြူခဲ့ပါသည်။ မုဒုံမြို့နယ်မှ ဖားသားပေါက်များအား (၁) ကောင်လျှင် (၃၅၀) ကျပ်ဖြင့် ဖားအကောင်ရေ (၁၀၀၀)  ဝယ်ယူခဲ့ရာ ကမာမတ်ကျေးရွာရောက်ရှိချိန်တွင် ခရီးကွာဝေးမှုကြောင့် ဖားများမှာ အများစုသေကုန်ပြီး အနည်းငယ်သာကျန်ရှိခဲ့ရာ ကျန်ရှိသောဖားများကိုသာမွေးမြူ၍ သားဖောက်ခြင်း၊ မွေးမြူခြင်းလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ စားဖားမွေးမြူရာတွင် အမျိုးအစား (၂) မျိုးရှိရာ ထိုင်းမျိုးနှင့်ကွင်းဖား (ဒေသဖား) ဟူ၍ရှိပြီး ထိုင်းမျိုးမှာ အဝါဖျော့ရောင်ရှိပြီး ကွင်းမျိုးဒေသဖားမှာ အမဲရောင်ရှိ၍ လူကြိုက်နည်းကြောင်းသိရပြီး အများအားဖြင့် ထိုင်းမျိုးများသာ အမွေးများကြောင်းသိရပါသည်။ ထိုင်းမျိုးသားပေါက်ဝယ်ယူမွေးမြူရာတွင် ရက် (၄၀) သားမှစတင်၍ မွေးမြူကြပြီး သားပေါက် (၁) ကောင် လျှင် (၂၂၀/-) ကျပ်မှ (၂၅၀/-) ကျပ်အထိဈေးရှိပါသည်။ သက်တမ်းကာလအားဖြင့် ရက်ပေါင်း (၁၀၀)၊ (၃) လခွဲကြာသည့်အခါ (၁) ကောင်လျှင် (၁၃) ကျပ်သားမှ (၁၅) ကျပ်သားထိချိန်ရှိလာပါက ထုတ်ရောင်း၍ရပြီး စားဖား (၁) ပိဿာလျှင် လက်ရှိပေါက်ဈေး (၉၀၀၀/-) ကျပ်မှ (၁၂၀၀၀/-) ကျပ်အထိရှိကြောင်းနှင့် စားဖားများကို ရန်ကုန်၊ ကြည်မြင်တိုင်ငါးဈေးတွင် ရောင်းချခြင်း၊ ပွဲစားများဖြင့်‌ရောင်းချခြင်းများရှိပါသည်။

    ဖားသားဖောက်ရာတွင် ဖားမ(၅) ကောင်လျှင် သားပေါက် ၅၀၀၀မှ ၁၀၀၀၀ထိသားပေါက်နိုင်ပြီး သားပေါက်များအမှီးပြတ်ချိန်တွင် တစ်ကောင်နှင့်တစ်ကောင်ကိုက်၍ သေခြင်းများရှိ၍ ကောင်ရေ ၃၀၀၀ခန့်သာ ကျန်ရှိတတ်ပြီး ဖားထီးနှင့်ဖားမများအားလည်းဆေးထိုး၍ အကောင်ဖောက်ပြီး မျိုးဖားမ (၁)ကောင်အား တစ်နှစ်လျှင် (၁)ကြိမ် ၊ (၂)နှစ်သားဖောက်နိုင်ကြောင်း သိရပါသည်။

      စားဖားမွေးမြူရာတွင် (၁) နှစ်လျှင် (၄) ကြိမ်ခန့်မွေးမြူနိုင်ပြီး အကောင်ရေ (၁၀၀၀) လျှင် ခြံမိုး၊ အစာဖိုးစရိတ်ချန်ပြီး ကျပ် (၂) သိန်းခန့်အမြတ်ရရှိနိုင်ကြောင်းသိရပါသည်။ စားဖားများအား အစာကြွေးရာတွင် ငါးစာဖြစ်သော ALLER AQUA၊ ဒီဟိုက်တံဆိပ်ပါ အစာအိတ်၊ 2MM၊ 4MM၊ 6MM စသည့်အမျိုးအစားများကို 15KG ရှိသည့်အိတ်များဝယ်ယူ၍ကျွေးရပါသည်။

    စားဖားအကောင် (၁၀၀၀) မွေးမြူခြင်းအတွက် စားဖားများအား အစာကျွေးရာတွင် ဖားသားပေါက် (၄၀) ရက်သားကို ALLER 2MM (15KG) (၁) အိတ်ကျွေးရပြီး တစ်အိတ်ဈေးမှာ  (၆၇၀၀၀/-) ကျပ်ဖြစ်ပါသည်။ (၅၀) ရက်သားရှိသောဖားသားပေါက်များကို ALLER 4MM (15KG) (၂) အိတ်ကျွေးရပြီး (၁) အိတ်ဈေးနှုန်းမှာ (၇၀၀၀၀/-) ကျပ်ဖြစ်ပါသည်။ ဖားသားပေါက် (၇၀) ရက်သားမှ (၁၀၀) ရက်သားအထိကို ALLER 6MM (15KG) (၃) အိတ်ကျွေးရပြီး တစ်အိတ်လျှင် (၅၇၀၀၀/-) ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

       စားဖားအကောင် (၁၀၀၀) လျှင် စားဖားမွေးမြူမည့် ခြံဆောက်လုပ်ခအနေဖြင့် တာပေါ်လင်အခင်း၊ အမိုးဇာပိုက်၊ ဝါးနှင့်ခြံမိုးများအတွက် စုစုပေါင်း ကျပ် (၂၀၀၀၀၀/-) ခန့် ကုန်ကျ၍ ခြံမပျက်စီးမချင်း စားဖားထည့်၍မွေးမြူရပါသည်။

    ယခင်နှစ်များတွင် စားဖားများမှာ ဈေးကောင်းရသော်လည်း ယခုနှစ်တွင် ဝယ်လက်သိပ်မရှိ၍ ဈေးနှုန်းများလျော့နည်းလာခြင်း၊ အစာဈေးများမြင့်တက်လာခြင်းကြောင့် မရှုံးရုံသာရှိပြီး အမြတ်နည်းလာကြောင်း၊ ရောဂါဝင်ခြင်းနှင့် တစ်ကောင်နှင့်တစ်ကောင်ကိုက်၍ သေဆုံးခြင်းများရှိလျှင် အရှုံးပေါ် နိုင်ပါကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)