စစ်ကိုင်းမြို့နယ်မှ စိုက်ပျိုးထွက်ရှိပြီး လူကြိုက်များသော တရုတ်ဇီးသီးများအကြောင်း တစေ့တစောင်း

Powered by Drupal

     တရုတ်ဇီးသီးများသည် စစ်ကိုင်းမြို့နယ်၌  ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် အဖူးအပွင့်များ စတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများ ဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်း ကြီးထွားလာသည်။ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။  တရုတ်ဇီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုံးဆန်သော မြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း သိရပါသည်။ အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှငါးနှစ်အကြား အသီးများ ကို ခူးဆွတ်ရောင်းချနိုင်ကြောင်း သိရပါသည်။ ယခုအချိန်မှာ စစ်ကိုင်းဒေသထွက်တရုတ်ဇီးသီးများ သည် ရာသီဥတုကောင်းမွန်သောကြောင့် ဈေးကွက်များတွင် အများအပြား ခူးဆွတ် ရောင်းချကြောင်း သိရပါသည်။

     စစ်ကိုင်းမြို့အဝင် မုံရွာလမ်းမကြီးဘေးဝဲယာတလျှောက်တွင် စစ်ကိုင်းမြို့မှ ထွက်ရှိသည့် တရုတ်ဇီးသီးများကို ထီးမိုး၍ စားပွဲခုံများတွင်တင်၍ ရောင်းချနေကြပါသည်။ စစ်ကိုင်းမြို့ရှိ ခြံများနှင့် အိမ်များတွင် ဖောက်သည်ဈေး တစ်ပိဿာ ၂၅၀ဝိ/-၊ ၃၀၀ဝိ/-၊ ၃၅၀ဝိ/-ထိ ဝယ်ယူရပြီး လက်လီရောင်းလျှင် ၂၅ ကျပ်သားတစ်စည်းကို ၁၅၀ဝိ/- နှုန်း၊ တစ်ပိဿာ ၅၀၀ဝိ/- နှုန်းဖြင့် ပြန်လည်ရောင်းချ ကြောင်း သိရပါသည်။ စစ်ကိုင်းမှ ထွက်တဲ့ တရုတ်ဇီးသီးများသည် အလုံးကြီး ပြီး အသားထူ၍ အရသာမှာ ချိုနစ်နေပါသည်။

     ဈေးဆိုင်များတွင် ယခုရောင်းနေသည့် တရုတ်ဇီးသီးများမှာ စစ်ကိုင်းတရုတ်ဇီးသီးများအပြင် မေမြို့အထက် အုန်းချောကထွက်သည့်  ဟုန်းပန်းတရုတ်ဇီးသီးနဲ့ ယိုးဒယားတရုတ်ဇီးသီးများကိုလည်း ရောင်းချကြပါသည်။ ယိုးဒယားတရုတ်ဇီးသီးကတော့ မော်လမြိုင်မှ ဝယ်ယူရရှိကြောင်း သိရပါသည်။ ယိုးဒယားတရုတ်ဇီးသီးသည် တစ်နှစ်ပတ်လုံး ထွက်ရှိပြီး ယိုးဒယား တရုတ်ဇီးသီး ၆ ပိဿာ တစ်ခြင်း ၁၂၀၀ဝိ/- ဝယ်ယူရရှိပြီး  လက်လီရောင်းလျှင် တစ်ပိဿာ ၄၀၀ဝိ/- နှုန်းနဲ့ ပြန်လည်ရောင်းကြောင်း သိရပါသည်။ ယိုးဒယားတရုတ်ဇီးသီးများမှာ ဆေးချွတ်ထား၍ စစ်ကိုင်းတရုတ်ဇီးသီးနှင့်တူပြီး  စစ်ကိုင်းတရုတ်ဇီးသီးထက် အလုံးကြီးကြောင်း၊ စားလျှင် စစ်ကိုင်း တရုတ်ဇီးသီးက ပိုမိုစားကောင်းကြောင်း သိရှိရပါသည်။

       စစ်ကိုင်းတရုတ်ဇီးသီးများကို မန္တလေးမြို့နေ ပြည်သူများက သွေးအားကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသဖြင့် စစ်ကိုင်းမြို့သို့ လာရောက်ဝယ်ကြောင်း သိရှိရပါသည်။ စစ်ကိုင်းမြို့ ပေါ်ရှိ ရပ်ကွက်များတွင် တရုတ်ဇီးသီးများကို စိုက်ပျိုးထားပြီး နှစ်ရှည် သီးပင်ဖြစ်သောကြောင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိသော သီးနှံဖြစ်ပြီး စစ်ကိုင်းမြို့ တရုတ်ဇီးသီးသည်  မြန်မာပြည်တစ်ဝှမ်းလုံး အလွန်နာမည်ကြီးလူကြိုက်များသော အသီးအနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)