မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအစောပိုင်းတွင် ကြက်သွန်နီ ဈေးနှုန်းကျဆင်းရာမှ ဇူလိုင်(စတုတ္ထပတ်)တွင် ဈေးနှုန်းပြန်လည် မြင့်တက်လာကြောင်းသိရှိရသည်။ဈေးကွက်အနေဖြင့် ဇူလိုင်(ပထမ)ပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၉၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(ဒုတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၆၅၀)၊ ဇူလိုင်(တတိယ)ပတ်တွင် အမြင့်ဈေး ကျပ်(၁၈၅၀)မှ အနိမ့်ဈေး ကျပ်(၁၇၂၅)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ဇူလိုင်(စတုတ္ထပတ်)တွင် အမြင့်ဈေး ကျပ်(၂၀၂၅)မှ အနိမ့်ဈေး ကျပ်(၁၉၀၀)ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ဇူလိုင်(စတုတ္ထပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်သို့ တစ်ရက်ကုန်ချိန်(၁၅၀၀၀)ခန့်သာဝင်ရောက်ပြီး ဒေသတွင်းကြက်သွန်နီကုန်ချိန်ပိဿာ လက်ကျန်နည်းပါးသွားပြီဖြစ်၍ ကုန်ဝင်နည်းသွားကြောင်း သိရှိရပါသည်။
ဆိပ်ဖြူမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများကို နေ့စဉ်ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် (ကုန်စည်ဒိုင်)၊ ပြည်မြို့၊ ပုသိမ်မြို့များသို့ တင်ပို့လျက်ရှိပြီး ပြည်ပတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ မြဝတီ၊ မော်လမြိုင်၊ မူဆယ်မြို့များမှ တဆင့် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။
ဇူလိုင်လအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်(ကုန်စည်ဒိုင်)ဈေးကွက်သို့ ကားအစီးရေ (၁၂)ဘီးကား (၈၀)စီး ကုန်ချိန်ပိဿာ (၈)သိန်းခန့်၊ မြဝတီမြို့ တွဲကား (၃၃)စီး၊ ပိဿာ (၆)သိန်း၊ မူဆယ်မြို့(၁၂)ဘီးကား (၄)စီး၊ ပိဿာ (၄)သောင်းခန့်၊ မော်လမြိုင်မြို့ (၁၂)ဘီးကား (၃)စီး၊ ပိဿာ (၃)သောင်းခန့်၊ ပြည်မြို့ (၆)ဘီးကား(၂၂)စီး၊ ပိဿာ(၁)သိန်းခွဲ၊ ပုသိမ်မြို့ (၆)ဘီးကား (၂၄)စီး၊ ပိဿာ (၂)သိန်း စုစုပေါင်း ကြက်သွန်နီပိဿာ (၁၈)သိန်းခန့်၊ တန်ချိန် (၂၉၃၉)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။
DOCA (မကွေး)