ဈေးကောင်းပေးဝယ်နေသော ပရဆေးကုန်ကြမ်း ရှည့်မတက်ဥ

Powered by Drupal

  ရွှေမြန်မာတို့၏ ပရဆေးကုန်ကြမ်းများကို တောင်ကိုရီးယားနိုင်ငံကဝယ်ယူနေကြောင်း သတင်းကောင်းကြားသိရပါသည်။ တောင်ကိုရီးယားနိုင်ငံကဝယ်ယူသည့် ပရဆေးအမယ်သစ်များမှာ ချဉ်ပေါင်ဖာလာ၊ ဆပ်သွားသီး၊ ရှည့်မတက်ဥ၊ ဆင်တုံးမနွယ်၊ ဆီမီးတိုင်၊ ဝံအူမြစ်၊ ကန့်ဂလူ၊ မိုးမျှော်ဥ၊ မကပ်သီး၊ စမုံညို၊ တောထန်းမြစ်နှင့် ကြောင်လျှာစေ့တို့ဖြစ်ပါသည်။ တောင်ငူမြို့ရှိ Myanmar Green Farm Co.,Ltd သည် ပရဆေးကုန်ကြမ်း ရှည့်မတက်ဥများကိုဝယ်ယူနေပါသည်။

 ရှည့်မတက်ဥအစိုတစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၁၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြင့်ဝယ်ယူပါသည်။ ရေတာရှည်မြို့နယ်၊ သာဂရအနောက်ဘက်ခြမ်းနှင့် ဆွာအနောက်ဘက်ခြမ်းတို့တွင်ထွက်ရှိသဖြင့် ၎င်းဒေသများမှ ဝယ်ယူရရှိပါသည်။ ကုန်ကြမ်းလိုအပ်ပါက ရှမ်းပြည်နယ် (တောင်ပိုင်း) မှလည်းမှာယူပါသည်။ ရှည့်မတက်ဥကို မြန်မာနိုင်ငံဒေသအတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ မျိုးတုံးသွားခြင်းမျိုးမဖြစ်ပါ။ ရှည့်မတက်ဥပင်သည် အသီး၊ အစေ့၊ အပင်တွင် ဥရှိသည့်အတွက် တူးထားသည့်နေရာများမှ ရှည့်မတက်ဥအကျန်ရှိလျှင် မိုးကျသည်နှင့် အပင်ပြန်ပေါက်လာတတ်ပါသည်။

    ရှည့်မတက်ဥများကို ကုန်ကြမ်း (ဥ) အတိုင်း တင်ပို့ရောင်းချခြင်းမရှိပါ။ ဝယ်ယူရရှိသည့်ရှည့်မတက်ဥများကို ပီပါပိုင်းဖြတ်၍ လုပ်ထားသည့်အိုးထဲသို့ထည့်ကာ ထင်းမီးဖိုဖြင့် ၄၅မိနစ်ခန့်ပြုတ်ရပါသည်။ ပြုတ်ပြီးသောရှည့်မတက်ဥများကို လုပ်သားများဖြင့်အခွံချွတ်ရပါသည်။ အခွံချွတ်ထားသောရှည့်မတက်ဥများကို အခြောက်မြန်စေရန် အစိတ်အပိုင်းလေးများရရှိအောင်ပြုလုပ်ရပါသည်။ မိုးရာသီတွင် နေလှန်းအခြောက်ခံ၍မရသောကြောင့် မီးသွေးမီးဖိုဖြင့် အခြောက်ခံရပါသည်။

    ရှည့်မတက်ဥခြောက်ကို ကုန်ချောအဖြစ်ရရှိပါက တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့်ရောင်းရပါသည်။ အစို ၆ပိဿာလျှင် အခြောက်တစ်ပိဿာရပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လအတွင်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ (Busan) သို့ ပိဿာ၆၅၀တင်ပို့ရောင်းချရကြောင်း Myanmar Green Farm Co.,Ltd မှ တာဝန်ရှိသူ၏ပြောပြချက်အရ သိရပါသည်။

DOCA(ပဲခူး)