စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စားသုံးသူပြည်သူများသို့အများစားသုံးသော ဆန်များအားစျေးကွက်ပေါက်စျေး အောက်သင့်တင့်မျှတသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် (၃.၈.၂၀၂၃) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)၌ မကွေးမြို့နယ်ရှိဆန်/စပါးရောင်းဝယ်ဖောက်ကားသူ ကုန်သည်များနှင့်တွေ့ဆုံပြီး ပြည်သူများသို့ အခြေခံစားကုန်ဖြစ်သည့် ဆန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးရေး ဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် နေ့စဉ်ရောင်းချ သည့် စျေးနှုန်းများအား ကောက်ယူပြီး ပြည်ထောင်စုကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီသို့ နေ့စဉ်တင်ပြပေးလျှက်ရှိပါကြောင်း မကွေးတိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တစ်ပါတ်လျှင်တစ်ကြိမ် အခြေခံစားကုန်များဖြစ်သည့် (ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ အသားများလည်း ရောင်းချပေးလျှက် ရှိနေပါကြောင်း မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းမှလည်း ပြည်သူများအား ဆန်များကို စျေးကွက်ပေါက်စျေးအောက် သင့်တင့်မျှတသော စျေးနှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးရန် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးနှင့်ညီနောင်အသင်းဖြစ်သည့် မကွေးမြို့နယ် ဆန်ကုန်သည်များအသင်း ဥက္ကဌ ဦးညွှန့်ဝင်းနှင့် အသင်းသူ/အသင်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး နှစ်စဉ် (၈)လ ပိုင်း(၉)လပိုင်းကာလများသည် ဆန်ဟောင်းရှားပါးပြီး ဆန်သစ်မပေါ်မီကာလဖြစ်၍ ဆန်စျေးနှုန်း အနည်းငယ်မြင့်တက်နေကြဖြစ်ပါကြောင်း လက်ရှိကုန်စျေးနှုန်းများ မြင့်တက်နေချိန် ပြည်သူများ သက်သာစေရန် မကွေးမြို့နယ် ဆန်ကုန်သည်များအသင်းမှ အခြေခံလူတန်းစားများ အများဆုံး ဝယ်ယူစားသုံးသော ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်အား လူတစ်ဦးလျှင် ဆန်တစ်ပြည် (၂၅၀၀)ကျပ်ဖြင့် ဆန်တစ်အိတ် (၁၂၀၀၀)ကျပ် အရှုံးခံပြီး တစ်ပတ်လျှင် ဆန်(၁၅)အိတ်အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မကွေး)