မြန်မာ့ရိုးရာအစားအစာများထဲတွင် ဘိန်းမုန့်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဘိန်းမုန့်ကို နံနက်ခင်းဈေးများတွင် အများဆုံးတွေ့ရပါသည်။
ဘိန်းမုန့်ပြုလုပ်ရန်အတွက် ဆန်ကိုရေစိမ်ပြီး မုန့်ကြိတ်ဆုံဖြင့်ကြိတ်ရပါသည်။ ၎င်းကြိတ်ထားသောမုန့်နှစ်ရည်ကို သကြား၊ ဆိုဒါတို့နှင့်ရောကာ သမအောင်မွှေရပါသည်။ ထို့နောက် ဒယ်အိုးထဲတွင်ထည့်ကာ မီးဖိုပေါ်တင်၍ နှမ်းနှင့်အုန်းသီးခြစ်များဖြူးပြီးနောက် အဖုံးအုပ်ထားရပါသည်။ ဒယ်အိုးဖုံးပေါ်မှလည်း မီးဖြင့်အပူပေးရပါသည်။ အထက်မီး၊ အောက်မီးတို့နှင့်ချက်ရပါသည်။
တောင်ငူမြို့၌ ဘိန်းမုန့်ကို ဈေးများတွင် ဆိုင်ဖွင့်၍ရောင်းချခြင်းများရှိသကဲ့သို့ လက်တွန်းလှည်းဖြင့်တင်၍လည်း လူစည်ကားရာဈေးများတွင် ရောင်းချခြင်းအပြင် ရပ်ကွက်များသို့သွားရောက်၍လည်း လှည့်လည်ရောင်းချခြင်းများရှိပါသည်။ လက်ဖက်ရည်အမြည်းပန်းကန်အရွယ် ဘိန်းမုန့်တစ်ချပ်လျှင် ၃၀၀ကျပ်ဖြင့်ရောင်းချပါသည်။
ဘိန်းမုန့်ကို နံနက်ခင်းအချိန်တွင် အဆာပြေစာအဖြစ် စားသုံးကြသကဲ့သို့ နေ့လယ်နေ့ခင်းတွင် အပျင်းပြေစေရန် ရေနွေးကြမ်းဖြင့်လည်းစားသုံးကြပါသည်။ ဘိန်းမုန့်သည် လူကြီး/ လူငယ်မရွေးကြိုက်နှစ်သက်သည့် အစားအစာတစ်ခုဖြစ်သဖြင့် ရောင်းရကြောင်း ဘိန်းမုန့်ရောင်းသူတစ်ဦးထံမှသိရပါသည်။
DOCA(ပဲခူး)