နီပေါနိုင်ငံ၌ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံထံမှ ဆန်တန်ချိန် ၁ သိန်းနှင့် စပါးတန်ချိန် ၁ သန်းတို့ကို အိန္ဒိယနိုင်ငံထံမှ ဝယ်ယူတင်သွင်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် နီပေါနိုင်ငံ၌ ဝန်ကြီးချုပ်ရုံးလက်အောက်ရှိ ဗဟိုစောင့်ကြည့် အကဲဖြတ်ရေးကော်မတီသည် အတွင်းဝန်ချုပ် Baikuntha Aryal ဦးဆောင်သော ဝန်ကြီးဌာနများကောင်စီနှင့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပလျက် ဆန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် ရိက္ခာပြတ်လပ်မှု ဖြစ်ပေါ်နိုင်မည့်အရေးကိစ္စတို့အပေါ် အရေးယူစီမံဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် ကူးသန်းရောင်းဝယ်ရေး၊ ထောက်ပံ့ရေးနှင့် စားသုံးသူကာကွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Gajendra Prasad Thakur က ဆန်တန်ချိန် ၁ သိန်း၊ စပါးတန်ချိန် ၁ သန်းနှင့် သကြားတန်ချိန် ၅ သောင်းတို့ကို ဝယ်ယူတင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့်နေ့ရက်မှ စတင်၍ တင်သွင်းမည်ကိုမူ သတ်မှတ်ရခြင်း မရှိသေးကြောင်းဖြင့် ၅-၈-၂၀၂၃ နေ့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယက ဆန်တင်ပို့မှု တားမြစ်ခဲ့သည့်နောက်ပိုင်း နီပေါနိုင်ငံ၌ ဆန်ဈေးနှုန်းများသည် ၂၀ ကီလိုဂရမ် တစ်အိတ်လျှင် နီပေါရူပီးငွေ ၂၀၀ အထိ မြင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်း စားနပ်ရိက္ခာ လုံလောက်မှုရှိစေရေးအတွက် အစိုးရအနေဖြင့် အနည်းဆုံး စပါးတန်ချိန် ၁ သန်းကို တင်သွင်းရန် ကုန်သည်များက တောင်းဆိုလျက်ရှိကြကြောင်း၊ အစိုးရ၏ စာရင်းများအရ ပြည်တွင်း ဆန်စားသုံးရန် လိုအပ်ချက်၏ ၂၀% ခန့်အား ပြည်ပမှဖြည့်ဆည်းနေရကြောင်း၊ နှစ်စဉ် ပြည်တွင်းစားသုံးမှု ဆန်တန်ချိန် ၇ သန်းအနက် တန်ချိန် ၁.၅ သန်းခန့်ကို ပြည်ပမှ ဝယ်ယူတင်သွင်းခြင်းဖြစ်ကြောင်း၊ နီပေါနိုင်ငံသည် ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် နီပေါရူပီးငွေ ၃၄ ဘီလီယံ တန်ဖိုးရှိသော ဆန်နှင့် စပါးများကို အိန္ဒိယထံမှ ဝယ်ယူတင်သွင်းခဲ့ကြောင်း My Republica သတင်းဌာနက ဖော်ပြပါသည်။
Source: My Republica, 5 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)