ဗီယက်နမ်သို့ သကြားတင်ပို့ရာ၌ စုပုံတင်သွင်းမှုအခွန် ကောက်ခံမှုကို ထိုင်းကုမ္ပဏီအချို့ ရင်ဆိုင်ရ

Powered by Drupal

ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ အချို့သောသကြားတင်ပို့သည့်ကုမ္ပဏီများမှ တင်သွင်းသော သကြားများအပေါ် စုပုံတင်သွင်းမှုအခွန် (anti-dumping duty) ကို ၂၅.၇၃% မှ ၃၂.၇၅% အထိ ၁၈-၈-၂ဝ၂၃ နေ့မှ ၁၅-၆-၂ဝ၂၆ နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာနက ၈-၈-၂၀၂၃ နေ့၌ ပြောကြားခဲ့ပါသည်။

 ဗီယက်နမ် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့် အပြုအမူများဆောင်ရွက်သည်ဟု စွပ်စွဲချက်များအပေါ် ဂရုတစိုက်ဖြင့် မျှတစွာ စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါစုပုံတင်သွင်းမှုအခွန် ကောက်ခံရန် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ထပ်ဆောင်းအခွန်ကောက်ခံမှု၌ အာရှဒေသတွင် အကြီးမားဆုံး သကြားနှင့် ဇီဝစွမ်းအင် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော Mitr Phol Sugar နှင့် ဆက်စပ်ကုမ္ပဏီ ၄ ခုတို့၏ သကြားတင်သွင်းမှုအပေါ် ၃၂.၇၅% ကိုလည်းကောင်း၊ Thai Roong Ouang ကုမ္ပဏီနှင့် ၎င်း၏ လက်အောက်ခံ တွဲဖက်လုပ်ငန်း ၅ ခု၏ သကြားတင်သွင်းမှုအပေါ် စုပုံတင်သွင်းမှုအခွန် ၂၅.၇၃% နှင့် တန်ပြန်အကောက်ခွန် (anti-subsidy tariffs) ၄.၆၅% ကိုလည်းကောင်း ချမှတ်ခြင်းဖြစ်ကြောင်း ဖော်ပြပါသည်။

၂ဝ၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံ ၅ နိုင်ငံမှ တင်သွင်းသော သကြားထုတ်ကုန်များအပေါ် စုပုံတင်သွင်းမှုအခွန် ၄၇.၆၄% ချမှတ်ခဲ့သော်လည်း ပင်ရင်းဒေသအဖြစ် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော သကြားများအတွက်သာ ၄ နှစ်ကြာကောက်ခံခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံရှိ သကြားထုတ်လုပ်သူများက ထိုင်းနိုင်ငံမှထွက်ရှိသော သကြားများမှာ အစောပိုင်းကာလက လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာတို့မှတစ်ဆင့် တင်ပို့ခဲ့သဖြင့် စုပုံတင်သွင်းမှုအခွန် (anti-dumping duty) ချမှတ်သင့်ကြောင်း အစိုးရသို့ တိုင်ကြားခဲ့ကြပါသည်။

အဆိုပါ အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၅ ခုမှ သကြားထုတ်ကုန်ကိုတင်သွင်းရာတွင် ၄င်းနိုင်ငံများ၌ စိုက်ပျိုးထုတ်လုပ်ကြောင်း လုံလောက်သောသက်သေပြနိုင်ပါက စုပုံတင်သွင်းမှုအခွန် ကောက်ခံမှုမှ ကင်းလွတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသောသကြားများအပေါ် အခွန်ကောက်ခံမှုအား အာဆီယံ ကုန်စည်ကုန်သွယ်မှု သဘောတူညီချက်ပါ ကတိကဝတ်များနှင့်အညီ ဖယ်ရှားခဲ့ပါသည်။ သို့ရာတွင် ၎င်းသဘောတူညီချက်ပါ ပြဌာန်းချက်များအရ အာဆီယံနိုင်ငံများအနေဖြင့် ပြည်တွင်းလုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် အကျိုးစီးပွားများကို ယှဉ်ပြိုင်မှုဆန့်ကျင်သော အပြုအမူများမှ အကာအကွယ်ပေးနိုင်ရန်အတွက် တင်သွင်းခွန်များ ကောက်ခံခွင့်ရှိကြောင်းသိရှိရပါသည်။

Source: Bangkok Post, 8 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)