အိန္ဒိယနိုင်ငံ၌ ၂ဝ၂၃ ခုနှစ်အတွင်း အာရေးဘီကာကော်ဖီကို စောစီးစွာရိတ်သိမ်းသွားမည်ဖြစ်

Powered by Drupal

အိန္ဒိယနိုင်ငံ၌ အောက်တိုဘာလမှစတင်သည့် ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ကော်ဖီသီးနှံရာသီတွင် ရာသီဥတု အပြောင်းအလဲ မြန်ဆန်မှုကြောင့် အာရေးဘီကာဒေသထွက်ကော်ဖီကို စောစီးစွာ ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ကော်ဖီစိုက်ပျိုးသူများက ပြောကြားခဲ့ကြပါသည်။ ၂ဝ၂၃ ခုနှစ်တွင် ကော်ဖီ စိုက်ပျိုးသည့်ဒေသများ၌ ကာလရှည်ကြာစွာ ခြောက်သွေ့မှုများဖြစ်ပေါ်ခဲ့သဖြင့် ကော်ဖီစေ့များကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ မုတ်သုံဝင်‌ရောက်မှုနောက်ကျပြီး ဇွန်လအတွင်း မိုးရေမရရှိမှုကြောင့် အာရေးဘီကာ ကော်ဖီမျိုးများမှာ ဆောလျင်စွာဖြစ်ထွန်းခဲ့သဖြင့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရကြောင်းနှင့် ပုံမှန်အားဖြင့် အာရေးဘီကာကော်ဖီစေ့များကို နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းလေ့ရှိသော်လည်း ယခုနှစ်တွင် စောစီးစွာ စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းကာလများ၌ ရိတ်သိမ်းရမည်ဖြစ်ကြောင်း ကာနာတကာစိုက်ပျိုးသူများအသင်းချုပ်၏ ဥက္ကဌဖြစ်သူ HT Mohan Kumar က ပြောကြားခဲ့ပါသည်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မိုးရေချိန်များစွာရရှိခဲ့သော အာရေးဘီကာကော်ဖီ စိုက်ပျိုးသည့်နေရာများတွင် အောက်တိုဘာလခန့်၌ ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်းနှင့် အချို့သောဒေသများတွင်မူ ရိုဘတ်စတာ ကော်ဖီပင်များ၏ ပင်စည်များပျက်စီးမှုနှင့် အပင်များပေါ်တွင် မှိုပိုးများကျရောက်ခြင်းတို့ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်းလည်း သိရှိရပါသည်။ ကာနာတကာ ခြံလုပ်ငန်းအသင်း ဥက္ကဌဖြစ်သူ Mahesh Shashidhar က အိန္ဒိယနိုင်ငံတွင် ရာသီဥတု ပြောင်းလဲမှုများကြောင့် ၂ဝ၂၃ ခုနှစ်အတွင်း စောစီးစွာရိတ်သိမ်းရမည်ဖြစ်သဖြင့် ကော်ဖီသီးနှံအထွက် နိမ့်ကျနိုင်ကြောင်းနှင့် ဇူလိုင်လအတွင်း အချို့ဒေသများတွင် ကာလရှည်ကြာစွာ မိုးရွာသွန်းခဲ့သဖြင့် ပင်စည်များပျက်စီးမှု၊ မှိုပိုးရောဂါများ ဖြစ်ပွားမှုတို့ကြောင့် ရိုဘတ်စတာကော်ဖီ ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်များအရ နိုင်ငံ၏အကြီးမားဆုံး ကော်ဖီစိုက်ပျိုး ထုတ်လုပ်သည့် Kodagu ခရိုင်တွင် လက်ရှိမုတ်သုံရာသီအတွင်း ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ မိုးရေချိန်သည် ၃၈% အထိ လျော့နည်းကျဆင်းခဲ့ပြီး Chikamagaluru ခရိုင်တွင် မိုးရေချိန်မှာ ဆယ်ပုံတစ်ပုံ လျော့နည်းကျဆင်းခဲ့ကြောင်းနှင့် Hassan ခရိုင်တွင် မိုးရေချိန် ၂၅% ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ယခင်အစောပိုင်းကာလ ခန့်မှန်းချက်များအရ နိုင်ငံပိုင်ကော်ဖီဘုတ်အဖွဲ့က အိန္ဒိယနိုင်ငံတွင် ၂ဝ၂၃-၂ဝ၂၄  ခုနှစ်အတွင်း ကော်ဖီသီးနှံ တန်ချိန် ၃.၇၄ သိန်းထွက်ရှိမည်ဟု ခန့်မှန်းထားရာ ယခင်နှစ်ထွက်ရှိမှုတန်ချိန် ၃.၅၂ သိန်းအပေါ် ၆.၂၅% တိုးတက်မည်ဖြစ်ကြောင်း၊ အာရေးဘီကာ ကော်ဖီထွက်ရှိမှုမှာ ယခင်နှစ်က တန်ချိန် ၁ သိန်းရှိရာမှ ယခုနှစ်တွင် တန်ချိန် ၁.၁၃ သိန်းထွက်ရှိမည်ဖြစ်ကြောင်းနှင့် ရိုဘတ်စတာကော်ဖီမှာ ယခင်နှစ်က တန်ချိန် ၂.၅၂ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂.၆၁ သိန်းထွက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရိုဘတ်စတာဒေသထွက်ကော်ဖီမှာ အပြောင်းအလဲမြန်ဆန်သော မုတ်သုံအကြိုမိုးကြောင့် အထွက်နှုန်း နိမ့်ကျနိုင်ကြောင်း၊ မိုးရွာသွန်းမှုမရှိခြင်းကြောင့် ရေခန်းနေသောဆည်များတွင် ရေပြတ်လပ်ခဲ့သဖြင့် စိုက်ပျိုးသူများအခက်တွေ့ခဲ့ရပြီး ရိုဘတ်စတာဒေသထွက်ကော်ဖီထွက်ရှိမှုမှာ ယခုနှစ်အတွင်း နိမ့်ကျမည်ဖြစ်ကြောင်း Mohan Kumar က ပြောကြားခဲ့ပါသည်။

Source: The Hindu Business Line, 7 Aug 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)