မိုးရွာသွန်းမှုနည်းပါး၍ စပါးအထွက်နှုန်းလျော့ကျနိုင်ခြင်း

Powered by Drupal

    မင်းပြားမြို့နယ်တွင် ကျေးရွာအုပ်စု (၆၂) အုပ်စုနှင့် မြို့ပေါ်(၈)ရပ်ကွက်ရှိပါသည်။ မင်းပြားမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီချိန်တွင် မိုးစပါးစိုက်ပျိုးဧက ၈၉၂၂၃ ဧက စိုက်ပျိုးထားရှိပါသည်။ ၎င်းမိုးစပါး စိုက်ပျိုးဧကမှာ ၇၀၆၆၃ ဧကသည် စပါးမျိုးစေ့ကြဲပက်စိုက်ပျိုးဧကဖြစ်ပြီး ၊၁၈၅၆၀ ဧကမှာ ကောက်ပင် စိုက်ပျိုးဧက ဖြစ်ပါသည်။ ရာနှုန်းဖြင့်တွက်ချက်လျှင် ကောက်ပင်စိုက်ပျိုးဧကသည် ၂၀ရာခိုင်နှုန်းကျော် ဖြစ်ပြီး၊ မျိုးစပါးကြဲပက်စိုက်ဧကသည် ၇၀ရာခိုင်နှုန်းကျော် ဖြစ်ပြီး၊ မင်းပြားမြို့နယ်တွင် စပါးစိုက်ပျိုး တောင်သူများသည် မိုးရေကို အဓိက အားထား၍ စိုက်ပျိုးသော မြို့နယ်ဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် မိုးရာသီချိန်တွင် မိုးရာသွန်းမှု အလွန်နည်းပါးသောကြောင့် စပါးမျိုးစေ့ကြဲပက် စိုက်ပျိုးတောင်သူများတွင် အလွန်အခက်အခဲများ ရှိကြပါသည်။ စပါး စိုက်ပျိုးတောင်သူအများစုမှာ မျိုးစပါးအဖြစ် ဒေသမျိုးဖြစ်သည့် ပေါ်ဆန်းမွှေးမျိုးများကို အများဆုံး စိုက်ပျိုးကြပါသည်။ ၎င်းမျိုးစပါး၏ သက်တမ်းမှာ ရက်ပေါင်း (၁၄၀) မှ (၁၅၀) ထိ ကြာမြင့်ပါသည်။ ယခင်နှစ်များတွင် စပါး စိုက်ပျိုးတောင်သူများမှာ စပါးမျိုးစေ့ကြဲပက်ခြင်းကို (၁) ကြိမ် ပက်ရုံဖြင့် စပါးပင်များ အောင်မြင်စွာ ဖြစ်ထွန်းပြီး ယခုနှစ်တွင်  စပါးမျိုးစေ့ကြဲပက်ခြင်းကို အနည်းဆုံး (၂) ကြိမ် (သို့) (၃) ကြိမ် အထိ ကြဲပက်စိုက်ပျိုးကြရပါသည်။ ဇွန်လနှင့် ဇူလိုင်လများတွင် မိုးရွာသွန်းမှု နည်းပါးပြီး နေပူချိန်မြင့်မားသောကြောင့် စပါးမျိုးစေ့များ အပင်ဖြစ်ထွန်းမှု နည်းပါး၍ စပါးမျိုးစေ့များ ပုပ်သိုးသွားကြပြီး ဖြစ်ထွန်းလာသော စပါးပင်ငယ်များမှာလည်း နေပူဒဏ်ခံနိုင်မှုမရှိဘဲ သေကြေကြပါသည်။ တစ်ချို့သော လယ်မြေများသည် နေပူဒဏ်ကြောင့် ရေများခမ်းခြောက်၍ ထွန်ယက် ခြင်းကိုရပ်နားထားရပါသည်။ မိုးရေရရှိမှသာလျှင် ထွန်ယက်ခြင်းကို ထပ်ကာတလဲ ပြုလုပ်ကြရပါသည်။ ယခင်နှစ်များတွင် စပါးမျိုးစေ့ကြဲပက်တောင်သူများသည် ထွန်တုံးပိတ်ခြင်းကို ဇွန်လ နောက်ဆုံးပတ်နှင့် ဇူလိုင်လ ပထမပတ်တွင် ပြုလုပ်နိုင်သော်လည်း ယခု ၂၀၂၃ ခုနှစ် မိုးရာသီအချိန်တွင် စပါးမျိုးစေ့ကြဲပက် စိုက်ပျိုးတောင်သူများမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင်သာ ပြုလုပ်ကြရပါသည်။

    မင်းပြားမြို့နယ်ရှိ စပါးမျိုးစေ့ကြဲပက်တောင်သူများတွင် စပါးပင်များဖြစ်ထွန်းမှုနည်းပါးခြင်း၊ သက်တမ်းရှည်သော မျိုးစပါးများစိုက်ပျိုးခြင်းနှင့် ထွန်တုံးပိတ်ချိန် နောက်ကျနေခြင်းတို့ကြောင့် စပါး အထွက်နှုန်းမှာ ယခင်နှစ်များထက် အထွက်နှုန်း လျော့ကျနိုင်မည်ဟု ထင်မြင်သုံးသပ်မိပါသည်။  

DOCA(ရခိုင်)