ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက လျာထားမှုရှိပြီး ဇွန်လကုန်အထိ (၂၇၅၂၅)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧက ရှိပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်ဇွန်လတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၆၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၆၈၈၀၀)ကျပ်၊ မျိုးမြေပဲ တစ်တင်းလျှင်(၇၂၀၀၀) ကျပ်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ် ကာလတူလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင် (၁၀၈၀၀၀)ကျပ်၊ မျိုးမြေပဲ တစ်တင်းလျှင်(၁၁၂၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ် လျက်ရှိပါသည်။

        ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် (၄၅၇၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၄၂.၂၅)တင်းနှုန်း ထွက် ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၁၈၀၀၀)ကျပ်နှုန်း ရောင်းချခဲ့ရပြီး၊ တစ်ဧက ဝင်ငွေ(၇၆၀၅၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၃၀၃၅၀၀)ကျပ်ရရှိပါသည်။ ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး၊ တစ်ဧကလျှင်ပျမ်းမျှအထွက် တင်း(၄၆)တင်းဝန်းကျင်ထွက်ရှိ၍တစ်ဧကဝင်ငွေမှာ(၈၂၈၀၀၀)ကျပ်ရရှိပါသည်။ တစ်ဧကတောင်သူ အကျိုးအမြတ်အနေဖြင့် (၃၇၁၀၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံ မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်း များပြုလုပ်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA(မန္တလေး)