ကသာမြို့၌ “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ” ကျင်းပပြုလုပ်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းသူသည် ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ သို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ကွင်းသရုပ်ပြပွဲအား ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကသာမြို့၊ ပြည်သာယာကျေးရွာရှိ တောင်သူ ဦးနော်လီ၊ ဦးစောနှင့် ဦးအောင်သူတို့၏ ကွင်းအမှတ် (၇၁၆) ၌ကျင်းပပြုလုပ်ခဲ့ပြီး ကွင်းသရုပ်ပြပွဲ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဒေသခံတောင်သူများအား အယ်နီညိုရာသီဥတုကြောင့် သီးနှံများပျက်စီးဆုံးရှုံးနိုင်ခြင်း၊ သီးနှံများအထွက်နှုန်းထိခိုက်နိုင်ခြင်းတို့ဖြစ်ပေါ်မှုမရှိ‌စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား သဘာဝဓာတ်မြေဩဇာ၊ ဂျစ်ပဆမ်မြေဩဇာနှင့် စပါးမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တောင်သူများ၏ ကွင်းအမှတ် (၇၁၆) တွင် လယ်ယာသုံးစက်ကိရိယာများဖြင့်ထွန်ရက်ခြင်း၊ လက်တွေ့စိုက်ပျိုးသရုပ်ပြခြင်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ကသာမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၈၅၀၀) ဧကလျာထားပြီး မိုးရာသီမကုန်မီ ပြည့်မီအောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(စစ်ကိုင်း)