စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းချမ်းသူသည် ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် “မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ” သို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲအား ကသာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကသာမြို့၊ ပြည်သာယာကျေးရွာရှိ တောင်သူ ဦးနော်လီ၊ ဦးစောနှင့် ဦးအောင်သူတို့၏ ကွင်းအမှတ် (၇၁၆) ၌ကျင်းပပြုလုပ်ခဲ့ပြီး ကွင်းသရုပ်ပြပွဲ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ဒေသခံတောင်သူများအား အယ်နီညိုရာသီဥတုကြောင့် သီးနှံများပျက်စီးဆုံးရှုံးနိုင်ခြင်း၊ သီးနှံများအထွက်နှုန်းထိခိုက်နိုင်ခြင်းတို့ဖြစ်ပေါ်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်အချိုးကျသုံးစွဲနိုင်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား သဘာဝဓာတ်မြေဩဇာ၊ ဂျစ်ပဆမ်မြေဩဇာနှင့် စပါးမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် တောင်သူများ၏ ကွင်းအမှတ် (၇၁၆) တွင် လယ်ယာသုံးစက်ကိရိယာများဖြင့်ထွန်ရက်ခြင်း၊ လက်တွေ့စိုက်ပျိုးသရုပ်ပြခြင်းများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ကသာမြို့နယ်တွင် မိုးစပါးစိုက်ဧက (၃၈၅၀၀) ဧကလျာထားပြီး မိုးရာသီမကုန်မီ ပြည့်မီအောင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(စစ်ကိုင်း)