မကွေးမြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်းလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားလောက်အောင် ဆီထွက်သီးနှံများဖြစ်သည့် (နှမ်း/မြေပဲ) သီးနှံတို့အား အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။ မကွေးမြို့နယ်အနေဖြင့် မိုးနှမ်း(၁၇၆၄၁၉)ဧကအား ၂၀၂၃-ခုနှစ်၊ မေလဆန်းပိုင်းက စတင်စိုက်ပျိုးခဲ့ပြီး ယခုအခါတွင် စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။

     (၆.၈.၂၀၂၃)ရက်နေ့ နံနက် (၀၈:၀၀)နာရီတွင် မကွေးခရိုင်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးအဖွဲ့ များဖြစ်သည့် မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးကျော်ဝင်း၊ မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်ထူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ့ရေးအဖွဲ့ဝင်များသည် ဒဟက်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၄၃)၊ ဦးပိုင်အမှတ် (၆၉)ရှိ တောင်သူဦးစိန်လှ၏ စံပြမိုးနှမ်းသီးနှံ (၃.၀၇)ဧကနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၈၃/၂၉၃၄)၊ ဦးပိုင်အမှတ်(၂၉)ရှိ တောင်သူ ဒေါ်လှဝင်း၏ စံပြမိုးနှမ်း သီးနှံ (၄.၅၈)ဧက ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

     တောင်သူ ဦးစိန်လှနှင့် ဒေါ်လှဝင်းအား တွေ့ဆုံမေးမြန်းခဲ့မှုအရ ယခင်နှစ်က မိုးနှမ်းသီးနှံ တစ်ဧကလျှင် စိုက်ပျိုးမှု ကုန်ကျစရိတ် ကျပ်(၂၆၂၀၀၀)ခန့်ရှိပြီး တစ်ဧကလျှင် နှမ်း(၆.၅)တင်းခန့် ရရှိခဲ့ ပါကြောင်း၊ နှမ်းတစ်တင်းလျှင် ကျပ်(၅၀၆၀၀)ရရှိ၍ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် (၆၆၉၀၀) ရရှိပါကြောင်းနှင့် ယခုနှစ်တွင် နှမ်းတစ်ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၃၅၈၀၀၀) ခန့်ရှိပြီး လက်ရှိနှမ်းပင်များ၏ အခြေအနေအရ တစ်ဧကလျှင် (၇.၅)တင်း ထွက်ရှိနိုင်ပြီး လက်ရှိနှမ်းစျေးနှုန်းမှာ နှမ်းတစ်တင်းလျှင် ကျပ်(၇၆၀၀၀)ဖြစ်၍ တစ်ဧကလျှင် ကျပ်(၂၁၂၀၀၀)ခန့် အကျိုးအမြတ် ရရှိနိုင်ကြောင်း သိရှိခဲ့ရပါသည်။

DOCA(မကွေး)