နိုင်ငံခြားငွေ တိုးမြှင့်ရှာဖွေနိုင်ရေး ကြက်ဆူသီးနှံ တို့ချဲ့စိုက်ပျိုးပေး

Powered by Drupal

     ကြက်ဆူသီးနှံ တို့ချဲ့တင်ပို့နိုင်ရေးနှင့်ပတ်သက်သည့် အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စားသုံး/ ထုတ်လုံ) ဦးဆောင်၍ Virtual စနစ်ဖြင့် (၇.၈.၂၀၂၃) ရက်နေ့တွင် ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ (၃) ၌ ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးမှ ကြက်ဆူသီးနှံနှင့် ပတ်သက်သည့် လုပ်ငန်းရှင် (၅) ဦး တက်ရောက်ခဲ့ကြပါသည်။  

   ပထမဦးစွာ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီက ကြက်ဆူကို ဧရာဝတီမြစ်ရိုးတလျှောက်တွင် စိုက်ပျိုးကြပြီး ယခုအခါ စိုက်ဧက နည်းသွားကြောင်း၊ အခြားသီးနှံများနှင့်ယှဉ်လျှင်  ဝင်‌‌ငွေရရှိမှု နည်းပါးသည့်အတွက် တွက်ခြေ မကိုက်၍ စိုက်ဧကနည်းသွားကြောင်း၊ မကွေးတိုင်းတွင် ပဲ၊နှမ်း၊ ဆန်ကုန်သည်အသင်းများရှိ သော်လည်း ကြက်ဆူစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်မှုနှင့်ပတ်သက်သည့် အသင်းအဖွဲ့များ ဖွဲ့စည်း ထားခြင်းမရှိသေးကြောင်း တင်ပြဆွေး‌နွေးခဲ့ပါသည်။

   ဆက်လက်၍ တောင်တွင်းကြီးမြို့နယ်၊ ကုန်စည်ဒိုင်ဥက္ကဌ ဦးချိုက ၂၀၀၅ ခုနှစ်လောက်က တစ်နေ့ ပိဿာ (၅၀၀၀) မှ (၇၀၀၀) ကြား ဝယ်ယူရရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်ခန့်မှစ၍ ပုဂ္ဂလိက ကျွန်းစိုက်ခင်းများတွင် ကြက်ဆူစိုက်ပျိုးခွင့် မရတော့၍ တစ်ရာသီ ကုန်ချိန် (၁၀၀၀၀) ခန့်သာ ဝယ်ယူရရှိတော့ကြောင်း၊ တောင်တွင်းကြီးဒေသသည် လယ်မြေများဖြစ်၍ ကြက်ဆူစိုက်ပျိုး၍ မရသော်လည်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပြုထားသည့် ကျွန်းစိုက်ခင်းများတွင် ကြက်ဆူ စိုက်ပျိုးခွင့် ရရှိပါက ကြက်ဆူအထွက်လည်း တိုးမြင့်လာမည်ဖြစ်၍ နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးစေလို ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

     မကွေးမြို့ ပြည်တော်ဟိန်းပွဲရုံလုပ်ငန်းရှင် ဒေါ်ခင်ဝင်းက မကွေးတိုင်းဒေသကြီးအနေဖြင့် ကြက်ဆူသီးနှံကို ပဒါန်းမှ အများဆုံးထွက်ရှိကြောင်း၊ လွန်ခဲ့သော ၅ နှစ်၊ ၁၀ နှစ်ခန့်က အထွက်များ ခဲ့သော်လည်း ယခုအချိန်တွင် အနည်းငယ်သာ ဝယ်ယူရရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇွန်လခန့်က ကြက်ဆူ (၁) ပိဿာ (၃၂၀ဝိ/-) မှ (၃၅၀ဝိ/-) အထိ ဝယ်ခဲ့ရပြီး ဈေးနှုန်းပြောင်းလဲမှု မရှိခဲ့ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

      မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်မှ ကြက်ဆူလုပ်ငန်းရှင် ဦးသန့်စင်မောင်က ကြက်ဆူသီးနှံ အများစုမှာ ဧရာဝတီမြစ်ရေကျချိန်တွင် သီးညှပ်အနေဖြင့် ငရုတ်ပင်ကြားတွင် စိုက်ပျိုးကြောင်း၊ လေကာပင်အနေဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ဧက အတိုးအလျော့မှာ ဈေးရရှိမှု အပေါ် မူတည်ကြောင်း၊ ရေနံချောင်း မြို့ပေါ်ရှိ "အောင်" ကြက်ဆူဆီ စက်ရုံတွင် သန့်စင်ရန် အခက်အခဲရှိသည်ဟု သိရကြောင်း၊ ဆပ်ပြာကုန်ကြမ်း၊ ဝမ်းနှုတ်ဆေး၊ Cosmetics များတွင် ကုန်ကြမ်းအဖြစ် သုံးစွဲသည်ဟု သိရှိရကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

     ကြက်ဆူဆီ ကြိတ်ခွဲမှုနှင့် ပတ်သက်၍ ရေနံချောင်း၊ စက်မှုဇုံရှိ  ကြက်ဆူဆီကြိတ်ခွဲရေး လုပ်ငန်းလုပ်ကိုင်သူ ဦးမျိုးတင့်ကို ဆက်သွယ်မေးမြန်းရာတွင် စက်ရုံကို ၁၉၉၅ ခုနှစ်က တည်ဆောက်ခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရန်အတွက် မ‌ကွေးတိုင်းက ထွက်ရှိသည့် ကြက်ဆူစေ့ အားလုံးကို ဝယ်ယူနိုင်ခြင်း မရှိ ကြောင်း၊ တစ်နှစ်ပတ်လုံးလည်ရန် ကုန်ချိန် (၂သိန်း)ခန့် လိုအပ်ရာ လက်ရှိပေါက်ဈေးအရ ရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိ၍ နဝလီ သဘောမျိုးဖြင့် ဆပ်ပြာစက်ရုံများနှင့် ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် သွားနေကြောင်း၊ မိမိ စက်ရုံအနေဖြင့် ဝမ်းနှုတ်ဆေးတွင် ကုန်ကြမ်းအဖြစ် သုံးစွဲနိုင်ရန်အတွက် နည်းပညာ၊ စက်ကိရိယာ၊ ထည့်သွင်းရမည့် Chemicals များနှင့် ပတ်သက်၍ တာဝန်ကြီးသည့်အပြင် Refined စက်မှာ ၂၀၁၇-၂၀၁၈ ခုနှစ်က ဒေါ်လာ (၁) သိန်းကျော်ဖြစ်၍ ကုန်ကြမ်းပိုင်း၊ စက်ကိရိယာပိုင်း ရင်းနှီးမြှုပ်နှံမှုများ၍ ဆပ်ပြာ ကုန်ကြမ်းနှင့် ဖီနိုင်း (Detol) ဆေးရည်အတွက်သာ ထုတ်လုပ်ပေးကြောင်း၊ ကြက်ဆူစေ့ (၁ပိဿာ) ကို ကြိတ်ခွဲပါက ‌ရောင်းတန်းဝင် ဆီ (၄၂ ကျပ်သား)၊ ကြက်ဆူကြိတ်ဖက် ( ၅၀ မှ ၅၅ ကျပ်သား ) ပြန်လည်ရရှိကြောင်း၊ ဆီထွက်ရှိမှုမှာ ကြက်ဆူစေ့ အစို၊ အခြောက်ပေါ် မူတည်ကြောင်း၊  ကြက်ဆူစေ့ (၁) ပိဿာ (၃၅၀ဝိ/-) ဖြင့် ဝယ်ယူကြိတ်ခွဲခဲ့စဉ်က ကြက်ဆူဆီ (၁) ပိဿာ (၈၅၀ဝိ/-) ဖြင့် ရောင်းချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မီးပျက်ရက်များ၍ ဒီဇယ်အင်ဂျင်ဖြင့် ကြိတ်ခွဲရသည့် အတွက် (၈၅၀ဝိ/-) ထက်ဈေးပိုနိုင်ကြောင်း၊ ၎င်းအနေဖြင့် ဆပ်ပြာစက်များမှ လိုအပ်သလောက်ကို နဝလီ ကြိတ်၍ ထုတ်လုပ်ပေးနေကြောင်းနှင့် ကုန်လက်ကျန် ပိဿာ (၁) သိန်းခန့်  ကျန်ရှိကြောင်း သိရှိရပါသည်။

   ကြက်ဆူစေ့ကို တောင်တွင်းကြီးမြို့နယ်ရှိ ကျွန်းစိုက်ခင်းမြေနေရာများတွင် တိုးချဲ့စိုက်ပျိုးခွင့် ရရှိမည်ဆိုပါက ပိုမိုထွက်ရှိပြီး ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ တိုးမြှင့်ရှာဖွေပေး နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)